တန်းခိုးဆရာထွန်း ရခိုင်ကောဇာသကြစ် (၁၂၈၂) ခုနှစ် စပ်ဆိုသည်။
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿတိ။
(၁)
သုံးပါးမေယရတနာ
မြတ်ဆရာနှင့် မာတာပီတ
ဂုဏ်ပေါင်းကဲလွန် နှုံးမတန်အောင်
အနန္တကို ကန်တော့သုံးလီ
ထုံးကေသီမှာ သရဖီစံကား
နန်းဂေါ်သဇင် ပန်းတော်ဝင်သို့
ဆင်ပန်ထားမှ ဉာဏ်သွားလည်းထက်
ရှိအဆက်က ဆန်းလက်လာငြား
လူကြီးများရို့ ပြောဟောတိုင်မူ
အရေးယူ၍ ကျီးဖြူဝတ္ထု
ရှိဖြစ်မှုကို ယခုတဖန်
စပ်ကာရန်ဖြင့် အကျွန်ုပ်သည်
ရှိလွန်လီကေ သက်သီထုံးကို
ကုံးလိုက်မည်က သပြီလက်ယာ
မြီမျက်နှာတွင် အောင်ချာပူရ
ထီးနန်းတည်၍ ဌာနီချကေ
အဋ္ဌဝလာ မြို့ပြည်ရွာကို
တည်ခါကာလ မြီဝသုန်မှာ
ပစ္စုန္နလျှင် သွန်းချဖြိုးဖြိုး
ဝရဇိန်လေ ထိန်ကာကြိုးလို့
မိုးကြီးသျှစ်ခါ ရွာခြင်းရာကြောင့်
တွင်ခေါ်နာမ နဂရကို
အဋ္ဌဝလာ တွင်တုံပါ၍
ဗြမ္မာသက္က အသမ္ဘိန်လေ
နရိန္ဒဟု နာမတွင်ငြား
ထိုမင်းဖျားလျှင် တရားလျှော်ရာ
များပြည်သူကို ထီဖြူမိုးကေ
စိုးစိုင်ခါ၌ မြို့ရွာအနား
လယ်ချောင်းထွန်၍ လုပ်ကြံစားကေ
မယားနှင့်လင် သူရို့တွင်၌
ချစ်ကြင်မညီး အသီးသီးကေ
သမီးကများ သားမရတတ်
မြင့်တာရှည်လေ နီပြန်လတ်က
နောက်ထပ်မကြာ ချစ်သမီးကေ
အထွီးမှာက ရုပ်ဝါရူပ
လှလည်းလှလို့ မြကုံးစိန်ကုံး
ပုလဲကုံးကေ ရွေးလုံးအသွင်
မိနှင့်ဘရို့ စိတ်ကထင်၍
ခေါ်တွင်တသီး ကြင်မညီးကေ
သမီးသက်နှံ ရုပ်ပိုင်းပြင်မှာ
ရွှင်ပြုံးပြုံးနှင့် စိတ်ကုံးတံဟု
ဘုန်းကံကကြီး ချစ်သမီးမှာ
ရင့်သီးချိန်လှောက် လောကီအနွယ်
ဂေါရီမေလေ အရွယ်ရောက်လို့
ဆံတောက်လှလှ နောက်ကချကေ
ကာလသမီး မိဘထံမှာ
လှစံသီက မကြီးမငယ်
တင့်အတယ်လျှင် လရွယ်တက်စ
တနိသ၌ မိဘနှစ်ပါး
သမီးများနှင့် စောစောမိုးထက်
ထမင်းချက်လို့ ကျက်လတ်တုံပြီး
အသီးသီးလျှင် သမီးမိဘ
ခေါင်းချင်းဆုံကေ စားတုံကြလို့
ကိစ္စပြီးခါ နှမ်းတဖျာကို
လှမ်းကာလည်းထား စိန်ကုံးတံဟု
လှစံသီးကေ သမီးအားလျှင်
မှာထားသည်မှာ ဤနှမ်းဖျာတွင်
စောင့်ကာနီငြား ဂြိုးဇရက်နှင့်
ကျီးငှက်များကို မစားခင်ဖြစ်
နားလျှင်လိုက်၍ မေချစ်နီကေ
ရပ်ကိုလည်လို့ သူငယ်တခြား
တော်လျှော်ရာမှာ အဖော်များနှင့်
ကစားပြီးထွေ မနီလီကဲ့။
ညနီချမ်းခါ တောကလာသော်
စားငှာမညီး ချစ်သမီးဖို့
ငါရို့မိဘ ဆွတ်ခမည်ဟု
မှာပေတုံပြီး အသီးသီးကေ
မိဘနှစ်ပါး သမီးများနှင့်
စားရန်သောက်ရန် အတန်တန်ကို
ရှာကြံလိုခြင်း ကျန်မကြွင်းအောင်
ဟင်းခူးထင်းခြွီ တောမြိုင်ခြီကို
လားသည်ကာလ စိန်ကုံးတံဟု
အတန်ကြီးကေ သမီးလှကို
မိဘမှာထား အပျင်းလည်းဖြေ
ညမင်းချေလျှင် မေကစားလို့
နီငြားသောခါ ရှိဘဝက
မိဘသားချင်း တဝမ်းတွင်း၌
မောင်ရင်းနှမ ဖြစ်ဘူးခသည်
မဏဝနတ်သား ထိုကြောင်းအင်ကို
သိမြင်ငြားက ထင်ရှားမယေ
မစရန်ကို ကြံတော့သည်လေ။ ။
(၂)
ကြံတုံလီကေ ရံရွယ်ဖြစ်ငြား
ယခုဆိုလေ ထိုနတ်သားမှာ
ထံပါးငါးရာ အရံပါနှင့်
ဖန်ကာလုပ်ငြား လွန်ဆန်းပြားကေ
ကျီးသားငါးရာ ထိုနှမ်းဖျာမှာ
နားလာတုံကျင် မစားခင်လျှင်
မေမြင်သောခါ ကစားရာက
ဟောကာလည်းနှင် ထိုခါတွင်၌
ယခင်နတ်သား အနည်းငယ်လေ
ရွီးချယ်ငြားလို့ စားပါရစီ
ဆိုတုံလီကေ နည်းငယ်ကိုထား
တစိပင်လေ ဝင်မစားကဲ့။
စကားဆိုခါ ကျီးနတ်သားမှာ
ပြောခြင်းရာကား ရုပ်ဝါလှပ
မစားစီချင် ငါရို့ကိုနှင်သည်
နှမ်းသျှင်မလေ။
မစားရကျင် ငရို့လျှင်လေ
ငြိုငြင်ဒုက္ခ မဟုတ်လှပါ။
ကျီးမတကောင် စိမ်းညိုရောင်မှာ
ဆောင်သည့်ကိုယ်ဝန် ပဋိသန်လျှင်
ဟိပြန်ခြင်းရာ ရင့်တုံပါ၍
အာသာဆန္ဒ နှမ်းကိုမြင်ကေ
စားချင်လှလို့ တောင်းရသည်သာ
ဆိုသောခါလျှင်
ဖျာမှာဟိဖွယ် တစိချေသာ
စားပါလီဆို ထိုကျီးညိုရို့
ဖျာကိုလည်းမြင် ထိုခါတွင်၌
ဝင်ကာလည်းနား လှမ်းသည့်ဖျာမှာ
ငါးရာစားကေ တနားလောက်ကြာ
ကုန်သောခါတွင် ကုမ္မာရီရွယ်
ထိုမိငယ်က ကြည့်ကေအယင်
ကုန်သည်မြင်သော် ရင်ကိုထုခတ်
မိဘရောက်ခါ ငါ့ကိုသာလျှင်
များစွာသတ်မည် ငိုတုံပေက
ထိုသည်များစွာ ကျီးငါးရာလျှင်
ကြင်နာသနား နှုတ်ချိုသံနှင့်
ဆိုစကားမှာ ပျိုချောနှမ
ညှိုးကာပိန်၍ စိုးရိမ်နှောင်းကေ
မကြောင်းကြနှင့် အဖသတ်လျှင်
မိရင်ခွင်ကို ဝင်ကာလည်းပြီး
မိမာတာလျှင် နာကြင်လတ်အောင်
သတ်ကာဆီးလည်း မေကြီးမေငယ်
ပကတိကေ ဟိပါရေဝါ။
အကယ်တန္တိ အစ်မကြီးငယ်
လှသက်ဝေရို့ သတ်သည်ဟိက
အမိမောင်ကြီး အသီးသီးကေ
ဝရီးဆွီမျိုး နွယ်အရိုးဟု
အဖိုးအဘောင် အင်အားထောင်၍
စုံအောင်ပြီးလည်း များထိုထိုရို့
ဆိုညှဉ့်ဆဲကေ အိုလည်နှမ
မကြောင်းကြကဲ့။
နာမမချို့ တောရိပ်မြိုင်လေ
ဂနိုင်မြို့ဟု
မောင်ရို့နီရာ ကျီးဖြူရွာသို့
လာပါလတ်ဆို လှမေပျိုက
ငိုယိုပြောကာ မောင်ရို့ရွာလျှင်
ဇာမှာဟိသည် စုံတစိမျှ
မသိချေဘဲ လာမည်အရေး
နှမသက်နှံ စိန်ကုံးတံမှာ
အလွန်ခဲဟု ငိုမြဲငိုကာ
နီပါလီသော် မောင်ရို့ရွာပြည်
မသိချေသော် လာမည်ကြောင်းလမ်း
ခရီးတိုကေ ထိုစခန်းကို
မှာတန်းနှင့်မည် အဂယင့်ငိုကေ
မေပျိုဖြန်းကို ညွှန်းလိုက်မည်ကား
ဤသည်ပြည်ရွာ မြောက်မျက်နှာက
ထွက်ခွာမယေ လားတုံပေသော်
သိမည်ကြောင်းရီး လမ်းဖုံဖုံမှာ
လူကြုံမီးလို့ ခရီးဇင်္ခါ
ယင်းမှာကျွဲကျောင်း ဆိတ်နွားကျောင်းရို့
လမ်းကြောင်းတလျှောက် တစခန်းကို
လှမ်းလို့ရောက်က တယောက်သက်နှံ
စိန်ကုံးတံမှာ တင်းခွန်လှပ်လှပ်
လီသွတ်သွတ်နှင့် ဇရပ်ကေသာယာ
ကျီးဖြူရွာလျှင် ဇာမှာဟိသည်
လှမေပျိုမှာ သိလိုရေနှင့်
မီးပါလီလေ။
ထိုသို့မီးခါ ကျွဲနွားကျောင်းရို့
လမ်းကောင်းရာကို ညွှန်ပါလိမ့်မည်။
ငါရို့နီကေ မြိုင်ခြေသာယာ
ကျီးဖြူရွာကို မေသာမယေ
လိုက်လာရန်ကို ညွှန်းကာပြောကေ
မှာထားရေလေ။ ။
(၃)
မှာတုံလီကေ ယုံကြည်စိတ်ချ
ငါရို့ရွာကို လိုက်လာကမူ
နှမကညာ လှကလျာမှာ
တခါရံထူး မစားဘူးငြား
နတ်သုဒ္ဓာလေ ရသာများကို
စားရစီမည်။
ခါတလေလျှင် မြင်သည်တထူး
စကားဟန်လေ ပြောသံများကို
မကြားဖူးဘဲ အထူးတထွေ
ဆန်းတကြယ်ကို သက်ဝေနှမ
လာလီကျင်သော် မေမြင်ရမည်။
ထိုမှတထူး ဝတ်မည်ပြင်ကို
မမြင်ဖူးဘဲ အကျူးအလွန်
ထူးအချွန်ကေ ကျောက်သံပတ္တမြား
ကိုးပါးနဝရတ် အမျိုးမြတ်သည်
နတ်ဝတ်စားကို ပျိုချောနှမ
ကိုယ်သဇင်မှာ ဆင်ပါရမည်။
အသွယ်သွယ်လျှင် မှာပေသမျှ
နှမ်းတဖျာကြောင့် နွမ်းဗျာယနှင့်
နှမညှိုးပိန် မစိုးရိမ်ကဲ့။
ကြိမ်ကြိမ်ခါခါ စကားမှာ၍
ငါးရာကျီးပေါင်း တသောင်းသောင်းနှင့်
လျင်ကြောင်းမကြာ ပျံလီပါကေ
ထိုသည်အခါ မိမာတာရို့
ပြန်လာတုံမြောက် နီညိုညိုနှင့်
သုံးဗိုရ်လောက်မှာ ရောက်လီသောခါ
လှမ်းကာမမြင် ကြောင်းခြင်းအင်ကို
မိခင်စစ်ဆီး လှမေပျိုကို
ဆိုကာမီးရေ။
အိုလည်းသဲအူ သမီးဖြူလေ
နီပူလှမ်းကျင် နှမ်းမမြင်ကေ
ပျင်ကာပြုငြား သမီးဖြူမှာ
သိမ်းယူထားလား။
မီးငြားသောခါ သမီးတော်က
ငါးရာကျီးပေါင်း တစိတောင်ဟု
အကြောင်းပြောလျှင် မဆုံးခင်ကို
ကိုင်ငင်တခတဲ ဆတောက်ဆံကို
နောက်လှန်ဆွဲလို့ ဆိုဆဲမကျီ
ဟက္ကရီကေ ပြာရီကျွတ်မ
ဖွဲရာတိုင်ကေ ပြာရာကျွတ်မည်
နှမ်းကတဖျာ လှမ်းထားရာဝယ်
ကြည့်ပါတုံဖိ အိမ်ရှိပြင်မှာ
ဖျာလျှင်ဟိလို့ တစိမကျန်
နင်တဖန်လျှင် ပြန်၍ရစီ
လှမ်းထားလီကေ နှမ်းဒေလကို
ခုရှာခီဟု ပြောလီသောခါ
ဖပီတာကို ခိုကပ်တွယ်ဝင်
ပြီးလတ်ကျင်ကေ ထိုသည်ဖခင်
မိထက်ပင်လေ ဆွဲငင်သတ်ပြန်
အစ်မထံမှာ မကျန်သီးသီး
ခိုရာမမြင် ထိုခါတွင်လေ
ဝင်၍ပြီးက မေကြီးမေလတ်
မချမ်းသာအောင် ဝန်းကာသတ်ကေ
မတတ်သာကြံ သူ့ဝရီးနှင့်
မိကြီးထံက မကျန်အမျိုး
လွတ်အောင်ယှောင်ကေ ဘောင်အဖိုးက
ကိုးရာမမြင် ဝင်ရာမရ
သတ်ဆဲဆိုကေ ထိုကာလ၌
အထက်ဝဠာ ထိုမြို့ရွာမှာ
စိုးကာနီမြောက် သူရိယာလေ
ရောင်ဝါဝင်းကေ မိုးလင်းသောက်က
တယောက်ထံသာ ကျီးဖြူရွာကို
မီးကာမယေ လားတုံပေသော်
လမ်းဝယ်တွိငြား ကျွဲကျောင်းသားကို
စကားမကျန် ကြောင်းသတင်းကို
မီးခြင်းဟန်က တင်းခွန်လှပ်လှပ်
လီသွတ်သွတ်နှင့် ဇရပ်ကေသာယာ
ကျီးဖြူရွာလျှင် ဇာမှာဟိသည်
မီးပေသောခါ ကျွဲကိုထိမ်းငြား
ကျွဲကျောင်းသားမှာ ပျိုချောနှမ
ကျီးဖြူနီရေ ရပ်ဒေသက
ဝီးလှသိမ့်ရေ သို့ဖြစ်ပေ၍
နှမကိုယ်ကျည်း တယောက်ထဲမှာ
ကျွဲချီးတပုံ ပစ်ခပါအုံ့
နွားချီးတပုံ ပစ်ခပါအုံ့။
ထမင်းတဆုပ် ရီတမှုပ်ကို
ကျွန်ုပ်နှမ စားခပါအုံ့။
ကွမ်းဆီးတယာ ယာပြီးခါမှ
စားပါလီအုံ့။
နှမငယ်ချို လှမေပျိုကေ
ချိုပြုံ့ပြုံ့လေ။ ။
ချိုပြုံ့ပြုံ့ကေ ဆိုတုံပြန်ကာ
မောင့်မေတ္တာကြောင့် စားပါရစီ
လှသက်ဝီမှာ ဆိုလီသမျှ
အလုံးစုံလေ ကုန်အမှုကို
ပြုပြီးမှလျှင် တတောဝင်ကေ
တပြင်သန်းလို့ လှမ်းလတ်ပါသော်
တောရဂုံမှာ ပန်ုးပေါင်းစုံနှင့်
မွှီးထုံသင်းကေ ကျီးမင်းစံရာ
ကျီးဖြူရွာကို ထင်ရှားမယေ
ရောက်လတ်တေလေ။ ။
ရောက်လတ်တေခါ မာဏဝမင်းသား
ကျီးနတ်သားက ရှိဘဝက
နှမရင်းကို ချက်ချင်းမယေ
ဆီးကြိုပေ၍ ရွှီလှေကနှင့်
ငွေလှေကနှင့် တက်ပါမည်လား
မီးငြားသောခါ မိဘအထံ
ထုံးစံဟိရာ ဝါးလှေကနှင့်
တက်ပါတော့မည် ဆိုတုံပေက
ရွှီလှေကကြီး ချကာပီး၍
တက်ပြီးတုံမြောက် အိမ်ဗ္မိာန်လေ
စံရာရောက်က ရီသောက်ချင်သည်
တောင်းတုံပေသော် ရွှီဖလားနှင့်
သောက်ပမည်လား ငွေဖလားနှင့်
သောက်ပမည်လား မီးငြားသောခါ
မိဘထုံးစိုင် ဂမုံးခိုင်နှင့်
လက်ကိုင်သောက်မည် ဆိုတုံပေက
ရွှီဖလားကြီး ချ၍ပီးသော်
ချမ်းအီးရီကြည် လှပြုံ့ချိုလေ
ပျိုဆံတောက်မှာ သောက်လီရေလေ။ ။
(၄)
သောက်တုံလီကေ ထို့နှယ်အတူ
ရွှီကျီးဖြူမှာ ရေးယူတုံမြောက်
ပဌမအရွယ် နှမငယ်လျှင်
လည်ရန်ရောက်လို့ ခွက်ယောက်ပုဂံ
အတန်တန်ကေ မကျန်စားသောက်
သဘောက်အိပ်ရာ အဖြာဖြာကို
ရတနာရွှီငွေ ဤနှစ်ထွေဖြင့်
မီးပေသမျှ လှမေပျိုလေ
ထိုနှမမှာ မိဘထုံးစိုင်
လက်ကိုင်သုံးစွဲ ထိုနည်းဟိရာ
သုံးပါတော့မည် မီးသမျှကို
နှမငယ်မှာ ပြောပေသောခါ
ရွှီတန်းဆာနှင့် အိပ်ရာခေါင်းအုံး
နန်းရိပ်ငြိမ်လေ တအိမ်လုံးမှာ
အသုံးအဆောင် တပြောင်ပြောင်ကေ
ခြင်ထောင်ကုလားကာ လွန်နွဲ့ငြိမ့်လို့
ပန်းမွိရာမှာ ရှုမျှော်မညီး
မှုခပ်သိမ်းကေ အပြိန်းအပြောက်
မြကြာညောင်မှာ ပြောင်ပြောင်တောက်ကေ
စိန်ကျောက်ပုတီး မိုက်မဲမှောင်တွင်
လျှပ်ရောင်ပြီးကေ နတ်သမီးတန်ဆာ
မြောက်များစွာနှင့် ထားပါသော်လည်း
သတ္တမဒီဝါ ခုနှစ်ရက်လျှင်
စစ်တွက်ကြာသော် ကိုယ့်ပြည်ကိုယ့်ရွာ
ကိုယ့်ရပ်ရွာက ဆွီမျိုးမိဘ
ဟိသမျှကို စိတ်ကအောင့်မိ
မပျော်မွိ၍ တနိခါဝယ်
ညည့်သိုင်ခေါင်မှာ ယောင်ကာထကေ
တငိုရေလေ။ ။
(၅)
တလို့ငိုကေ ထိုသည်အခါ
ကြောင်းရေးရာကို မီးပါလီက
ချကာမကာ စိန်ကုံးတံမှာ
ပြန်ကာပြောသော် နတ်သားသူ၀
ပြောကာဆိုကေ ညိုနွဲ့နောင်းမှာ
မကြောင်းကြနှင့်။
မိဘအထံ လှသက်ဟန်ကို
နက်ဖန်ပို့မည် ငိုမနီကဲ့။
ဆိုပေတုံမြောက် များမကြာခင်
ရောင်ဝါဝင်းကေ မိုးလင်းသောက်က
စိန်ကျောက်ရတနာ ထိန်တောက်စွာသည်
နီလာဂေါ်မုဂ် ဥဿဘရား
ရတနာမြုတေ သုဝဏ္ဏကေ
ရွှီငွေများနှင့် ပတ္တမြားထိန်တောက်
နီသူရိန်သို့ စိန်နှင့်ကျောက်ကို
အမြောက်အများ အကျိုးဆောင်ကေ
မောင်ကျီးသားမှာ ပီးငြားချင်မူ
အကြင်လူလေ မြင်သူမသိ
မရိပ်မိအောင် ငါးပိငါးပုပ်
ဆားကိုပိုင်လေ ကိုင်နှင့်တုတ်လို့
ပချုပ်ဘူးဖာ ရက်သည်နှီးနှင့်
ထည့်ပြီးခါမှ မိန့်မှာလိုက်သည်
စိန်ကုံးတံဟု ဘုန်းကံလှကေ
နှမငယ်မှာ ကိုယ့်ပြည်ရောက်ခါ
ဤဘူးဖါကို ညာတကာနိဉ္စ
ဟိသမျှနှင့် မိဘဖီးဖိုး
ဆွီမျိုးခုနှစ်ဆက် မိမိနီကေ
အိမ်ပေါ်ထက်၌ တက်စီပြီးခါ
တိုက်ခန်းသာတွင် ကုလကာခုနှစ်တောင်
ခြင်ထောင်ခုနှစ်ထပ် အတန်တန်လေ
ရံကာပတ်လို့ သေသပ်ကောင်းစွာ
ဤဘူးဖာကို ဖွင့်ပါလီလေ။
မိဘထံကို ပြန်ကာလားကေ
လမ်းကြားဝယ်၌ နှမညိုနွဲ့
ဖွင့်မကြည့်ကဲ့ ဖီးတွိတတ်တေ။
သေသေချာချာ ခြင်းရာများကို
ပြောကာမှာ၍ တောလမ်းဆုံးအောင်
ကျီးနတ်မောင်မှာ ယူဆောင်တတန်
မိဘနီကေ ရွှီပြည်မြို့သို့
လိုက်ပို့ညွှန်သော် ပြန်လာတုံမြောက်
ချမ်းရိပ်ငြိမ်နှင့် နီအိမ်ရောက်က
နှစ်ယောက်မိဘ သမီးလှလျှင်
ထိုည၌သည် ပျောက်ခရေဟု
ရှာပေတုံမြောက် ရင်သွီးသည်းအူ
သမီးဖြူသည် ခုလျှင်ရောက်က
တယောက်တချက် ကောက်ကာရွက်လို့
အသက်တမျှ သမီးလှကို
တောကလည်းလာ နှမ်းတဖျာကြောင့််
ဝန်းယာပုတ်ခတ် ပဇာရပ်မှာ
သည်းပွတ်ရတနာ ဤမျှကြာအောင်
နီပါသနည်း။
အဖြာဖြာလေ ခြင်းရာရီးကို
မီးကတုံ့ပြန် စိန်ကုံးတံမှာ
မကျန်စကား ခြင်းမျိုးစုံကို
ကုန်အောင်ပြောရေ။ ။
(၆)
ကုန်အောင်ပြောကေ စကားခြင်းရာ
ကျီးမောင်တော်လျှင် မှာသည်အရ
ဆွီမျိုးညာတကာ ဟိလီရာကို
ခေါ်ပြီးမှလျှင် မိဘအိမ်မှာ
တိုက်ခန်းသာ၌ ကုလကာခြင်ထောင်
လုံအောင်ကွယ်ကာ ပချုပ်ဖာကို
အုပ်ကာမြှင့်လို့ ဖွင့်ကြည့်ပါသော်
ရတနာကိုးမျိုး တပြောင်ပြောင်လေ
အရောင်ထိုးလို့ အဘိုးထိုက်ဝန်
ရလီပြန်ကေ အလွန်ဝမ်းမြောက်
ရွှီပင်ပေါက်သို့ တယောက်မကျန်
သင့်လောက်တန်ယောင် အမွန်ရတနာ
ပီးဝီခြမ်းလို့ နှမ်းတဖျာကြောင့်
ချမ်းသာသုခ လောကဓံမှာ
ခံစားရကေ ဓနရွှီငွေ
စိန်ကုံးတံမှာ ကံအကျိုးကြောင့်
တမျိုးကြွယ်လို့ တည်ကြည်သဘော
ဟိသောအားကြောင့် စားသောက်မကုန်
စည်းစိမ်ဟုန်နှင့် ပြည့်စုံသုခ
ခံစားရလို့ မိဘမျိုးဆွေ
ကြွယ်သည်မက စိန်ကုံးတံမှာ
ရှိကံမလို့ အဋ္ဌဝလာ
တိုင်းအောင်ချာကို အာဏာစိုးချုပ်
များပြည်သူကို မပူရအောင်
ကြက်မအုပ်သို့ သမုတ္တိနတ်
လေးကျွန်းပတ်သည် မန္ဓာတ်ပမာ
မြတ်ရာဇာဟု ဗြဟ္မာသက္က
နာမတွင်ခြင်း ဖြူထီးရိပ်ခို
စောဘုန်းမိုကေ ထိုသည်မင်းလျှင်
သတင်းစကား ကြောင်းခြင်းရာကို
ကောင်းစွာကြားက ရထားမြင်းဆင်
ရွှီထမ်းစင်နှင့် ဆောင်တင်ပြီးထွေ
တောင်နန်းလယ်မှာ မဟေထွဋ်ထား
ပြည်ကြီးသျှင်မှာ တင်မြှောက်စားလို့
မိဖုရားစင်စစ် စိန်ကုံးတံမှာ
ကံအကြောင်းကေ ဟောင်းအသစ်ကြောင့်
ဖြစ်ရတုံလီ ဆင်ခြီဆုံးလို့
ထုံးသက်သီကို ရဟန်းသျှင်လူ
အကြင်သူရို့ နမူနာ ယူကာကြား
မှတ်သားလီလေ။ ။
(တန်းခိုးဆရာထွန်း)
No comments:
Post a Comment