Sunday, May 11, 2025

ရခိုင်သာစွလေ လင်္ကာ



ရခိုင်သာစွလေ လင်္ကာ
================

၁ ။ သာစွလေ ။ ။ ရွှီပြည်မဏ္ဍလာ ၊ ရက္ခာပူရ ၊ တိုင်းဓညဟု ၊ နာမသညီ ၊ သောင်းရပ်မြီထက် ၊ ရှိဆီပြုဗ္ဗာ ၊ အာကာမှီဆိုင်း ၊ တောင်ပြိုင်ပြိုင်းနှင့် ၊ ပြည့်လှိုင်းကြက်သရေ ၊ ဖြိုးဖြိုးဝေသား ၊ အောင်စည်ညံညံံ ၊ ကိုယ့်နိုင်ငံလျှင် ၊ ကြံအင်ဖုံဖုံ ၊ ပြီးပြည့်စုံ၍ ၊ ပေါင်းဆုံဝတီ ၊ လေးရပ်ညီနှင့် ၊ နဒီလေးစင်း ၊ စုံစီးဆင်းလျှက် ၊ ခပင်းရန်သူ ၊ မပြူကင်းဝီး ၊ ရီယောင်အီး၍ ၊ ဝီးနီးပြည်ရွာ ၊ ရပ်ဒေသာက ၊ ပဏ္ဏာများမြောင် ၊ ဆက်ပို့ဆောင်သား ၊ မြရောင်စိုရွှန်း ၊ ဇဗ္ဗူကျွန်းဝယ် ၊ တည်ထွန်းသာသနာ ၊ သင်္ချာများမြောင် ၊ နှစ်ငါးထောင်တည့် ၊ စိအောင်တည်ရာ ၊ ဗျာဒိတ်မှာသည် ၊ ရက္ခာမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ။ သာစွလေ ၊ ရခိုင်သားလေ သာစွလေ ။

၂ ။ သာစွလေ ။ ။ ရွီှပြည်ရက္ခာ ၊ မြကျွန်းသာထက် ၊ ဓညာမြို့ကြီး ၊ စည်နှင့်ထီးကို ၊ ပြီးစီးခန့်ရှည်၊ ဦးစွာတည်သည် ၊ ခေါ်မည်တွင်ပြု ၊ မာရယုနှင့် ၊ မင်းစုစဉ်ဆက် ၊ နွယ်မပျက်ဘဲ ၊ ဖွင့်လျှက်ထီးဖြူ ၊ ကြငှာန်းထူလျှက် ၊ များလူတကာ ၊ ဦးညွတ်ရာသည် ၊ စန္ဒာသူရိယ ၊ မင်းလှရာဇာ ၊ စိုးသောခါဝယ် ၊ မြတ်စွာဗုဒ္ဓ ၊ ပြည်ဓညသို့ ၊ ချီကြွပြီးမှ ၊ ဝေနေယျအား ၊ မေတ္တာပွါး၍ ၊ တရားရီအီး ၊ အမြိုက်ဆီးကို ၊ တိုက်ပြီးမှလျှင် ၊ ပြန်လီကျင်၍ ၊ ရပ်ခွင်အားလုံး ၊ မေတ္တာဖုံးသည် ၊ ကျွန်းလုံးမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာစွလေ ။ ရခိုင်သားလေး သာစွလေ ။

၃ ။ သာစွလေ ။ ။ ရွှီပြည်အောင်ချာ ၊ မြို့ဝေသာဟု ၊ ခေါ်ကာပြုထ ၊ ပြည်ချက်မကို ၊ စိုးရသနင်း ၊ အမင်းမင်း၏ ၊ ဝပ်စင်းမှီရာ ၊ ဘုန်းအာဏာနှင့် ၊ မဟာသူရိယ ၊ စန္ဒာရဟု ၊ နာမဘွဲ့ပြု ၊ ကြီးထုတေဇာ ၊ စောနရာလျှင် ၊ ရိန္ဒမာလှံ ၊ မိုးဝယ်ပျံနှင့် ၊ ဆဒ္ဒန်ဆင်လှ ၊ စိုးပိုင်ရပြီး ၊ ဖြူထီးဆောင်းကာ၊ ရတနာမိုး ၊ ရွာသွန်းဖြိုး၍၊ ဆင့်တိုးတဖြာ ၊ သာသနာလျှင် ၊ ရောင်ဝါနီသို့ ၊ တောက်ထွန်းမြို့လျှင် ၊ ဆောင်ပို့ခမာ ၊ နိဗ္ဗူတာသို့ ၊ လားရာစခန်း ၊ တူလှလွန်းသည် ၊ တည်ထွန်းမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ၊ သာစွလေ ။ ရခိုင်သားလေ သာစွလေ ။

၄ ။ သာစွလေ ။ ။ ရွှီပြည်သာမို့ ၊ ဝေသာမြို့ဝယ် ၊ ပိတ်ဆို့မှိုင်းအိ ၊ တန်ခိုးဟိသည် ၊ ဘုမ္မိရွှီတောင် ၊ ဗွီထိပ်ခေါင်ကို ၊ ညီအောင်ပြုခါ ၊ မြတ်နေဇာဖြင့် ၊ စန္ဒာသီရိ ၊ ဘွဲ့မည်ဟိသည့် ၊ ကြီးဘိစွမ်းအင် ၊ ထိုဘုရင်လျှင် ၊ စင်ကြည်သာသနာ ၊ တည်စိမ့်ငှာဟု ၊ သင်္ဂါယနာ ၊ ထပ်တင်ပါက ၊ စူဠာရေဝ ၊ နာယကတည့် ၊ ဓမ္မသဘင် ၊ ပွဲလယ်ခွင်၌ ၊ အသွင်ကေသရာ ၊ ဝင့်ဝါရဲရင့် ၊ ဂုဏ်သိရ်တင့်၏၊ ထပ်ဆင့်၍သာ ၊ ထိုရာဇာပင် ၊ ကောဇာတွင်လစ် ၊ သက္ကရာဇ်ကို ၊ ခေါ်ဆိုဥတ္တမ ၊ ဖြိုကိန်းကျ၍ ၊ ခ ဆ ပဉ္စာ ၊ ကိန်းသင်္ချာနှင့် ၊ ညီစွာမသွယ် ၊ ဖြိုလိုက်ပေသည် ၊။ ဘုန်းကြွယ်မဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ၊ သာစွလေ ။ ရခိုင်သားလေ သာစွလေ ။

၅ ။ သာစွလေ ။ ။ ရွှီပြည်ဝေသာ ၊ နောက်မှာတဖြာ ၊ စူဠာစန္ဒရား ၊ မင်း၏သားလျှင် ၊ လူများခေါ်တွင် ၊ ငမင်ငတုံး ။ လူထိပ်ဘုန်းကား ၊ လက်ရုံးထက်မြက် ၊ စမ္ပဝက်ကို ၊ ဖြူရွက်ဖြန့်မိုး ၊ နှင်းလာစိုးက ၊ မိုးကြိုးကန်သာ ၊ ရီအောက်မှာ၌ ၊ ရောက်လာနဂါး ၊ စောင့်ကာထား၍ ၊ သိကြားပီးသည် ၊ ပိတောက်စည်လည်း ၊ တီးမြည်သံကြောင့် ၊ ပုဂံထွားညက် ၊ သျှမ်းလည်းပျက်ဟု ၊ ရှိဆက်စကား ၊ ဆင့်ဆင့်ကြား၏၊ ကြီးမားတေဇာ၊ သျှင့်အာဏာကား ၊ တကမ္ဘာလုံး ၊ ဝှန်းယက်ခြုန်းသည် ၊ မြတ်ဘုန်းမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ၊ သာစွလေ ။ ရခိုင်သားလေ သာစွလေ ။

၆ ။ သာစွလေ ။ ။ ရွီှပြည်သာယာ ၊ မြို့ပဉ္စာထက် ၊ စိုးလာသည့်မင်း ၊ ခေတ္တသင်းဟု ၊ ထန်ပြင်းတေဇာ ၊ ဘုန်းပညာကြောင့် ၊ ပြည်ရွာအစိုး ၊ ရီခမိုးသို့ ၊ အီးလို့ငြိမ်ငြိမ် ၊ ထက်ဝတိံနှင့် ၊ စံချိန်တနှုန်း ၊ ပျော်မဆုံးအောင် ၊ သျှင်ဘုန်းထက်ဝှန် ၊ ပြည့်စုံလွန်၍၊ တတန်သာသနာ ၊ ပြည်ရွာမှာကား ၊ ဖန်ဝါအရောင် ၊ ထွန်းလင်းပြောင်၏၊ ဦးဆောင်ဗန္ဓဝ ၊ ကောဏ္ဍညနှင့် ၊ နောက်မှစဉ်ဆက် ၊ မပျက်စိုက်စိုက် ၊ ထပ်ချပ်လိုက်သည် ၊ စရိုက်ဘာသာ ၊ သာသနာ၏ ၊ ကောင်းရာအကျိုး ၊ ထမ်းဆောင်ပိုးသည် ၊ အကျိုးမျှော်ထ ၊ နန္ဒိယနှင့် ၊ ပဒုမအသျှင် ၊ ပေါ်ထင်ရဟန္တာ ၊ မြတ်သံဃာရို့၊ ပဉ္စာမြို့ထက် ၊ ထွန်းပေါ်ထွက်သည် ၊ မျိုးဆက်မဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာစွလေ ။ ရခိုင်သားလေ သာစွလေ ။

၇ ။ သာစွလေ ။ ။ ရွှီပြည်စမ္ပဝက် ၊ ယင်းပြည်ထက်တွင် ၊ မင်းဆက်တဆယ် ၊ စိုးခါဝယ်၌ ၊ ကြံစည်လှည့်ပတ် ၊ ပုန်ကန်သတ်၍ ၊ အမတ်သင်္ခယာ ၊ မည်သာတချက် ၊ ဝရောင်းငှက်ဟု ၊ သုံးဆက်စိုးကာ ၊ မင်းပြုလာ၏ ။ ထိုခါချိန်ဝယ် ၊ မျိုးနွယ်သကျ ၊ မင်းရဲဘယ ၊ ပေါက်ညိုမြနှင့် ၊ ချီကြွရှိပြည် ၊ ဆွေနှစ်မည်တွင် ၊ သားသည်တစိုက် ၊ ဖွားမြင်လိုက်သည် ၊ ရင်နှစ်သည်းချာ ၊ ရွှီကူသာနှင့် ၊ လက်ယာမင်းနန် ၊ နန်းရိုးမှန်လျှင် ၊ တဖန်မြို့သစ် ၊ တည်ထောင်လှစ်က ၊ နှစ်ချစ်ပြည်သူ ၊ စိတ်ကြည်ဖြူ၍ ၊ မှတ်ယူတသီး ၊ နန်းရွှီထီးကား ၊ ဘုန်းကြီးဂုဏ်သိရ် ၊ မြို့ပရိန်ဟု ၊ ကျော်သျှိန်မိုးဝှန်း ၊ အံ့မခန်းသည် ၊ သစ်ဆန်းမဏ္ဍိုင် ၊ ရခိုင်သားလေ သာစွလေ ။

၈ ။ သာစွလေ ။ ။ ရွှီပြည်ဘုန်းနန်း ၊ နီနှယ်ထွန်း၍ ၊ မြကျွန်းဇမ္ဗူ ၊ သောင်းရပ်ငူထက် ၊ ဆူဆူမင်းရို့ ၊ ခွန်ဆက်ပို့သည် ၊ နတ်သို့ဘုံနှယိ ၊ မျိုးနွယ်မပျက် ၊ မင်းဆက်ဆက်လျှင် ၊ ဖြူရွက်ဖြန့်မိုး ၊ ပိုင်လာစိုးက ၊ တန်ခိုးကြီးဘိ ၊ မင်းကောလိယ ၊ ထိုရာဇလျှင် ၊ ငရကောက်မော် ၊ တောင်ကုန်းပေါ်ထက် ၊ ရုပ်ရှင်တော်ကြီး ၊ မဟာထီးကို ၊ တည်ပြီးကိုးကွယ် ၊ နိဗ္ဗာန်ရွယ်သည် ၊ ဘုန်းကြွယ်မဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ၊ သာစွလေ ။ ရခိုင်သားလေ သာစွလေ ။

၉ ။ သာစွလေ ။ ရွှီပြည်ဘုန်းလူ ၊ ကျွန်းဇမ္ဗူထက် ၊ ထီးဖြူကြက်၍ ၊ မင်းဆက်စဉ်လာ ၊ ဒသရာဟု ၊ မဟာနွယ်မျိုး ၊ မင်းလျှင်စိုးက ၊ တန်ခိုးမိုးဝှန် ၊ ဘုန်းတော်လွန်၍ ၊ အပ်နှံသိကြား ၊ လှဲနှင့်မြှားကို ၊ လျင်လျားမကြာ ၊ ပီးဆက်လာက ၊ ဒီပါကျွန်းခွင် ၊ မင်းလျှင်အစစ် ၊ ဧကရာဇ်ဟု ၊ တွင်ရစ်ဥဒါန်း ၊ အမည်ထွန်း၍ ၊ ထီးနန်းရိပ်ငြိမ် ၊ စည်းစိမ်မကွာ ၊ လွန်ချမ်းသာ၏ ၊ တဖြာနဂရ ၊ ပြည်ချက်မ၌ ၊ တန္တမုဒိန်း ၊ မှုခပ်သိမ်းလည်း ၊ ကင်းငြိမ်းယှင်းယှင်း ၊ ရွီှပြည်တွင်းဝယ် ၊ သီတင်းသီလ ၊ စောင့်ထအမြဲ ၊ ရာသီပွဲလည်း ၊ ဆင်နွှဲခါခါ ၊ ရက်မခြာတည်း ၊ ရာဇာမင်းလှ ၊ နရိန္ဒလည်း ၊ ရာဇဘိသေကံ ၊ ဘိသိက်ခံ၍ ၊ တရံကောင်းမှု ၊ ကုသိုလ်ပြုသည် ၊ ပေါင်းစုကြည်ဖြူ ၊ များဗိုလ်လူနှင့် ၊ ပြည်သူခပင်း ၊ ဦးညွတ်ခြင်းငှာ ၊ မဟာမုနိ ၊ ကြီးဘိဘုန်းတော် ၊ မြတ်ရှင်ကျော်ကို ၊ သင့်လျော်နီရာ ၊ မြတ်ကုန်းသာ၌ ၊ ထပ်ကာတည်ထား ၊ ကုသိုလ်ပွါးသည် ၊ စည်ကားမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာစွလေ ။ ရခိုင်သားလေ သာစွလေ ။

၁၀ ။ သာစွလေ ။ ။ ရွှီပြည်လောင်းကြက် ၊ ဘုမ္မချက်ဝယ် ၊ ဘုန်းကြက်သရေ ၊ မိုးနှယ်စွေသား ၊ မျိုးနွယ်မပျက် ၊ စဉ်လာဆက်၍ ၊ ဖြူရွက်ဖြန့်မိုး ၊ နှင်းလာစိုးသည် ၊ တန်ခိုးစွမ်းအင် ၊ ကိုယ့်ပြည်သျှင်ကား ၊ ခေါ်တွင်မင်းထီး ၊ ဘုန်းကြီးလွန်ကျော် ၊ လွန်ထင်ပေါ်သား ၊ တေဇော်ထန်ပြင်း ၊ အမင်းမင်း၏ ၊ ဦးကင်းထက်ဝယ် ၊ စိုးအုပ်သည်က ၊ နောက်ပြည်ဘင်္ဂါ ၊ ဆယ့်နှစ်ရွာလည်း ၊ ပိုင်ကာသိမ်းသွင်း ၊ ဂုဏ်ရောင်လင်း၏၊ တသင်းပြည်ရွာ ၊ အရှိမှာကား ၊ မိစ္ဆာဂီရိ ၊ သရက်ထိလျှင် ၊ ကြီးဘိအာဏာ ၊ လွှမ်းမိုးပါ၏၊  ဆင်မှာဖြူလွှ ၊ ဆဒ္ဒန္တကို ၊ ပိုင်ရစိုးလျှက် ၊ ငရဲခက်ဟု ၊ လှံချက်တရာ ၊ ကာနိုင်စွာသား ၊ မည်သာအောင်ရပ် ၊ အချင်းမှတ်ရာ ၊ သာသနာလျှင် ၊ ရောင်ဝါနီသို့ ၊ တောက်ထွန်းမြို့ဟု ၊ ဆောင်ပို့မှန်စွာ ၊ ပြည်နိဗ္ဗာသို့ ၊ လားရာစခန်း ၊ တူလှလွန်း၏၊ ပြည့်လျှမ်းသဒ္ဓါ ၊ စေတနာဖြင့် ၊ မြတ်စွာဗုဒ္ဓ ၊ သရီရဓာတ် ၊ ကိန်းဝပ်စံပျော် ၊ စေတီတော်နှင့် ၊ သုံးဖော်သာသနာ ၊ ထွန်းစိမ့်ငှာဟု ၊ ပြည်ရွာအတွင်း ၊ ဖီးမျိုးကင်း၍ ၊ ခပင်းပြည်သူ ၊ တောင်းဆုယူရန် ၊ ဆူဆူဘုရား ၊ တည်လက်ထားသည် ၊ ထွန်းကားမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ။ ရခိုင်သားလေ သာစွလေ ။

၁၁ ။ သာစွလေ ။ ။ ရွီပြည်ဘုံသာ ၊ တိုင်းရက္ခာ၌ ၊ တေဇာသျှိန်ပြင်း ၊ တရားမင်း၏ ၊ ဝပ်စင်းမှီရာ ၊ ခံထိုက်စွာသား ၊ မဟာနရိန် ၊ မင်းရာဇိန်ရို့ ၊ ကြိမ်ကြိမ်ထပ်ထပ် ၊ စိုးပိုင်လတ်၍ ၊ နွယ်မြတ်စဉ်လာ ၊ ကမ္ဘာတလျှောက် ၊ မပျောက်မတိန် ၊ မျိုးမမှိန်ဘဲ ၊ ဒေဝိန်ပြည်နှုန်း ၊ ပျော်မဆုံးအောင် ၊ ရွှင်ပြုံးပြည်သူ ၊ စိတ်ကြည်ဖြူ၍ ၊ ဆူဆူဘုရား ၊ တည်လျှက်ထားကာ ၊ အဉ္ဇနာနဒီ ၊ ခေါ်ညီတွင်ထ ၊ ထိုမြစ်မ၏ ၊ ကမ်းစနဖူး ၊ မြီသန့်ထူးဝယ် ၊ ကျွန်းဦးမည်ခေါ် ၊ သောင်းခေါင်မော်နှင့် ၊ ဓာတ်တော်ပါးပျိုင်း ၊ အံ့လှိုင်းဦးခိုင် ၊ ဘုန်းလှိုင်ထင်ပေါ် ၊ လက်မတော်ဟု ၊ တွင်ခေါ်တလီ ၊ ပါးရီနားရီ ၊ မြတ်စေတီကို ၊ အညီသင့်လျော် ၊ တည်လတ်သော်က ၊ ဖူးမြော်လူများ ၊ ကုသိုလ်ပွါး၍၊ တခြားမှတ်ရာ ၊ လေးမြို့မှာကား ၊ ဦးစွာစမ္ပဝက် ၊ တချက်ပဉ္စာ ၊ မည်သာကျော်သျှိန် ၊ မြို့ပရိန်နှင့် ၊ မမှိန်ထင်ရှား ၊ ထပ်ဆင့်ပွားသည် ၊ တခြားလောင်းကြက် ၊ ဂုဏ်သိရ်တက်၍ ၊ ပြည်ထက်နဂိုရ် ၊ မှီခိုသူများ ၊ စဉ်လာများ၏၊ နွားလားသင်းစု ၊ ခုနစ်ခုမွီး ၊ သင်္ချာရွီးသော် ၊ ဘုန်းမီးလွန်စွာ ၊ ပြည်ရက္ခာသည် ၊ သာသနာမဏ္ဍိုင် ၊ ရခိုင်သာယောင့် ၊ သာယာစွလေ ၊ သာစွလေ ။ ရခိုင်သားလေ သာစွလေ ။

မှတ်ချက် ။ ။ စူဠရေဝ = သင်္ဂါယနာတင်ရာ၌ နာယကဦးဆောင်ဖြစ်သည်။
ဥတ္တမကိန်း = ၅၆၀ ခုနှစ် ၊ ပိဋကတ်သင်္ချာနည်းအရ ကောက်ယူသည်။
ငရဲခက် = မင်းထီးဘုရင်၏ စီးတော်ဆင်ဖြူဖြစ်သည်။
နွားလားသင်းစု ၊ ခုနစ်ခုမွီး = ၇၄၆၃၂၇၂၅ ယောက် ၊ ရှိခေတ်ရခိုင်ပြည်၏လူဦးရေ။

Credit ရခိုင့်ဗဟိုပြု အတွေးအမြင်နှင့် သိမှတ်စရာ။



No comments:

Post a Comment