Sunday, August 31, 2008

ရခိုင်ဖားပြုတ်ကေ၀တ္ထု

ဖားပြုတ်ကေတကောင်၊ အုံးဘောင်စီးလျှက်၊ ဖြားရီတက်တွင်၊ ချောင်းကိုဝင်၍လာလတ္တံ။ ထိုရောအခါ၊ ချောင်းကမ်းသာတွင်၊ ပြားဇီးပင်တကိုင်းတွင်နားလျှက်၊ ပန်ဇင်းငှက်က၊ ခင်ပွန်းမိတ်ဆွေ၊ ဖားပြုတ်ကေ၊ ဇာပြည်ဇာရွာ၊ ဇာကလာဟု၊ သေချာစစ်စစ်မိန်းလတ္တံ။ ပန်ဇင်းမိန်းလေ၊ ဖားပြုတ်ကေက၊ တိုင်းပြည်မြို့ရွာ၊ လှည့်လို့လာဟု ဖြေလတ္တံ။

ထိုသို့ဖြေခါ၊ တိုင်းပြည်မြို့ရွာ၊ ကြားခပါသည်၊ ပဇာသတင်းထူးသနည်းဟု မိန်းလတ္တံ။ ထိုသို့မိန်းခါ၊ ဖြေသည်မှာကား၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လတ္တံ။ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ ကမ္ဘာကျောက်ကြီးကွဲလတ္တံ။ ထိုသို့ကွဲခါ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်းကျိုးလတ္တံ။ လူလည်းလေးစု ကွဲလတ္တံ။

ထိုသို့ဖြေခါ၊ ပန်ဇင်းငှက်ကမိန်းပြန်သည်မှာ၊ အိုအိုမိတ်ဆွေ၊ ဖားပြုတ်ကေ၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ငရို့သူငါ၊ ပဇာပြုလုပ်ရမည်နည်းဟု မိန်းလတ္တံ။ ထိုသို့မိန်းခါ၊ ဖားပြုတ်ကေက၊ အိုအိုမိတ်ဆွေ၊ ပန်ဇင်းငယ်၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကိုမြင်လိမ္မည်ဟု ဖြေလတ္တံ။ ထိုရောခါဝယ်၊ ပန်ဇင်းငယ်က၊ ကြောက်ဘွယ်စရာ၊ ကြားရပါသည်၊ ညခါတိုင်ပြီး၊ ကြောက်အားကြီး၍၊ ငှက်ကြီးရောင်းရင်၊ အိပ်ရာတွင်၌၊ ၀မ်းတွင်းဝင်မည်ကြံလတ္တံ။

ကြံစည်ထိုခါ၊ ပြုသောခါတွင်၊ ရောင်းရင်ငှက်ကြီး၊ လန့်အားကြီး၍၊ သံကြီးကျော်ကျော်အော်လတ္တံ။ သံကြီးကျော်ကျော်၊ မြည်ဟစ်အော်က၊ မျောက်ကျော်မက္ကဋ၊ နီထသစ်ပင်၊ သပြုပင်၌၊ လက်တွင်ကိုင်ပြီး၊ သပြုသီးကို၊ စားမည်ပြုထ၊ လန့်ကြောက်လှ၍၊ လက်မှလွတ်သော်၊ အောက်တွင်နီထ၊ တောဆတ်မ၏၊ နောက်ကုန်းပေါ်တွင်ကျလတ္တံ။

ထိုသို့ကျလျှင်၊ နာကြင်လန့်ကြောက်၊ ခြီစုံပေါက်၍၊ လားမြောက်ပြီးခုန်၊ နွယ်ခြုံပေါင်းမြက်၊ တောကြက်သာယာ၊ ဥပေါက်ခါဖြင့်၊ နီရာသိုက်မြုံ၊ ပြစ်ပြစ်ကုန်အောင်၊ နင်းတုံဖြိုဖျက်၊ ထောင်းထောင်းညက်၍၊ တောကြက်မမှာ၊ စိတ်ပူဆာ၍၊ လမ်းမှတွိဆုံ၊ တောခြအုံကို၊ ပြစ်ပြစ်ကုန်က၊ ပြိုတုံခြပေါင်း၊ ထောင်သောင်းမက၊ တောဝက်မ၏၊၊ ၀ပ်ထနီရာ၊ ရောက်လီပါသော်၊ ၀မ်းမှာရင်ဖတ်၊ မလွတ်နို့သီး၊ ခြကြီးခြငယ်၊ ကိုက်လေကုန်က၊ ပြီးတုံလူးလာ၊ ၀က်မမှာလည်း၊ နာကြင်အီးလတ်၊ ပြီးမလွတ်သော်၊ ဆာမွတ်ဝမ်းစာ၊ တောင်ယာလုပ်ရင်း၊ စပါးခင်းကို၊ ၀င်၍ထိုခါစားလတ္တံ။

ဝင်၍စားကာ၊ နီတုံပါက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်လျှင်၊ တွိလီမြင်သော်၊ ယာသျှင်တသီး၊ ယာသူကြီးကို၊ အပြီးတိုင်ကြားပြောလတ္တံ။ အပြီးတိုင်မြောက်၊ ငမဲတုတ်ရောက်က၊ ငမဲတုတ်ကျာ၊ ယာကလာကေ၊ ယာမှာစပါး၊ မှည့်ဗျာလားဟု မိန်းလတ္တံ။ မိန်းငြားသောခါ၊ မဲတုတ်ကျာက၊ မှည့်ကားမှည့်ယက်၊ အစပတ်လည်၊ မျောက်ဖျက်တေ၊ အလယ်တရိုး၊ ၀က်ငယ်တိုးဟု ပြောလီသောခါ၊ တောင်ယာပိုင်နင်း၊ သူကြီးမင်းက၊ ချက်ချင်းမကြာ၊ ယာမှာစားလျှက်၊ ထိုဝက်မကို၊ ဖမ်းရယူခီ၊ လားကတ်လီဟု စေလတ္တံ။

ဖမ်းရယူခီ၊ လားကတ်လီက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်က၊ သုတ်သုတ်ပြန်လာ၊ ယာမှာစားထ၊ တောဝက်မကို၊ ကြော့ကွင်းထောင်လျှက်၊ လက်ရဖမ်းယူ၊ ယာမူပိုင်နင်း၊ သူကြီးမင်းကို၊ လျှင်မြန်မနှေးပီးလတ္တံ။

ပီးအပ်လီကေ၊ လုပ်ထွေကိုင်ခင်း၊ ယာပိုင်မင်းက၊ တောတွင်းနီထ၊ တောဝက်မကို၊ ငါသာပိုင်နင်း၊ စပါးခင်းကို၊ ပဇာတွက်ကြောင့်၊ စားသနည်းဟု မိန်းလတ္တံ။ မိန်းလီသောခါ၊ ဘာသာဘာဝ၊ ကျွန်ဝက်မသည်၊ အိပ်ထနီရာ၊ ခြများစွာလျှင်၊ ရောက်လာဆိတ်ဆွ၊ ကိုက်ခဲကြ၍၊ ပြီးထယှောင်ခွာ၊ မလွတ်သာကေ၊ ရောက်ရာရောက်မိ၊ ဟိစီဘိဟု၊ ပြီးလီသောခါ၊ လမ်းမှာတွိပြီး၊ တောမျောက်ထီးက၊ အဆွေဝက်မ၊ ပဇာကြောင်းကြောင့်၊ ပြီးသနည်းဟု မိန်းသောကာလ၊ ကျွန်ဝက်မမှာ၊ ခြကိုက်ပါသည်၊ ပြောလီသောခါ၊ တောင်ယာလုပ်ခင်း၊ စပါးခင်းကို၊ ၀င်၍တလီ၊ စားပါခီဟု၊ ဆိုခြင်းပြုက၊ မချိခန္ဓာ၊ နွမ်းရိပါ၍၊ ၀မ်းမှာဆာမွတ်၊ တွိလတ်အစာ၊ စပါးယာကို၊ ၀င်ကာမသွေ၊ စားမိသည်ဟု ဖြေလတ္တံ။

ဖြေဆိုတုံက၊ စစ်ချက်ရ၍၊ ခြမကိုခေါ်၊ မိန့်ဆိုအာဏာ ပီးလတ္တံ။ ပီးလီသောခါ၊ မကြာခဏ၊ တောခြမနှင့်၊ များလှခြပေါင်း၊ ထောင်းသောင်းမက၊ ရောက်လာကြ၍၊ စစ်မမိန်းခါ၊ ကျွန်မမှာလျှင်၊ များစွာစုပုံ၊ ခြသိုက်အုံကို၊ အကုန်ဖြိုဖျက်၊ တောကြက်ယက်၍၊ ပျက်လီထောင်သောင်း၊ ခြအပေါင်းရို့၊ နီဖို့နီရာ၊ မဟိပါ၍၊ လားလာကုန်က၊ တောဝက်မ၏၊ အိပ်ထနီရာ၊ ရောက်လီပါ၍၊ ကိုက်ရသည်သာ၊ ဖြစ်ပါသည်ဟု ဆိုလတ္တံ။

မှန်ရာကိုပင်၊ စစ်တန်းဝင်၍၊ သို့စင်ဖြစ်ထ၊ တောဝက်မကို၊ အရခေါ်ခီ၊ အပြင်းစေက၊ တောနီကြက်မ၊ ခေါ်ထလာရောက်၊ ရှိတော်မှောက်သို့ ရောက်လတ္တံ။ ရှိမှောက်မသွေ၊ ရောက်တုံပေက၊ ဟေတောကြက်မ၊ ခြများနီရာ၊ အုံကိုသာလျှင်၊ ပဇာကြောင်းကြောင့်၊ ယက်သနည်းဟု မိန်းလတ္တံ။ မိန်းလီသောခါ၊ တောမှာနီထ၊ တောကြက်မက၊ ကျွန်မမှန်စွာ၊ ကြက်ဘာသာဖြင့်၊ သိုက်မှာဥပေါက်၊ ဥများမြောက်ကို၊ စောင့်ယှောက်နီရာ၊ ဆတ်မလာ၍၊ မညှာမထောက်၊ ခြီကျောက်ကန်လန်၊ မှောက်လှန်အသိုက်၊ ဖျက်ဆီးပစ်က၊ ကျွန်ကြက်မမှာ၊ စိတ်ကပူဆာ၊ မနီသာကေ၊ လားလာတွိကြုံ၊ တောခြအုံကို၊ အကုန်ပြစ်ပြစ်၊ ယက်ဖြိုပစ်ဟု ဖြေလတ္တံ။ ထိုသို့ဖြေခါ၊ တောဆတ်မကို၊ အရဖမ်းခီ၊ ဆင့်လီအာဏာ၊ စေသောခါလျှင်၊ မကြာခဏ၊ တောဆတ်မလျှင်၊ ရှိတော်ပြင်သို့ ရောက်လတ္တံ။

ရောက်လီသောခါ၊ မိန်းစစ်ရာတွင်၊ အသင်ဆတ်မ၊ ပဇာကြောင်းကြောင့်၊ ကြက်မနီတုံ၊ ဥသိုက်မြုံကို၊ အကုန်ပြစ်ပြစ်၊ နင်း၍ပစ်သည်၊ ဖြေရမည်ဟု ဆိုလတ္တံ။ ဆိုလီသောခါ၊ ဆတ်ရို့ဘာသာ၊ ညအခါတွင်၊ တောမှာပေါက်ရောက်၊ ကြီးမြောက်သစ်ပင်၊ သပြုပင်အောက်၊ အိပ်မည်ဟုပင်၊ နီလီကျင်သော်၊ သစ်ပင်ထက်က၊ မက္ကဋဟု၊ မျောက်ကနီပြီး၊၊ သပြုသီးနှင့်၊ အပြီးထိုခါ၊ ချပစ်ပါသော်၊ ကျွန်တော်မ၏၊ ကျောက်သားနောက်ကုန်း၊ ဘုံးဘုံးကျရာ၊ လန့်ကြောက်ကာဖြင့်၊ ပြီးလာခုန်ထွက်၊ တောကြက်သိုက်မြုံ၊ နင်းမိတုံက၊ ပျက်စီးရသည်၊ ဒေါသစိတ်ထွက်၊ နင်းဖျက်သည်သာ၊ မဟုတ်ပါဟု၊ ကြောင်းရာစကားပြောလတ္တံ။ ပြောငြားလီက၊ မက္ကဋကို၊ အရရှိတော်၊ ခေါ်ရမည်ဟု၊ အပြင်းတခါ စေလတ္တံ။

မျောက်ကိုတဖန်၊ ခေါ်ခီပြန်က၊ မိန်းမြန်းစစ်ချက်၊ မျောက်ဆိုချက်မှာ၊ ကျွန်တော့်ဘာသာ၊ ညဥ့်အခါတွင်၊ သပြုပင်၌၊ ကိုင်တွင်နီပြီး၊ သပြုသီးကို၊ စားမည်ပြုခါ၊ နီလီပါသော်၊ သံဝါကြီးလှ၊ ရောင်းရင်မက၊ လန့်ကြောက်စရာ၊ ဟစ်အော်ပါက၊ လန့်ကြောက်လှ၍၊ လက်မှာကိုင်ပြီး၊ သပြုသီးလျှင်၊ လက်မှလွတ်ကာ၊ ကျလီပါက၊ နာကြင်ရ၏၊ ဒေါသစိတ်ထွက်၊ ရည်ရွယ်ချက်ကား၊ မဟုတ်ပါဟု ဆိုလတ္တံ။

ထိုသို့ဆိုခါ၊ တောင်ယာပိုင်သျှင်၊ ယာသခင်က၊ သံလျှင်ကြီးလှ၊ ရောင်းရင်မကို၊ အရခေါ်ခီ၊ စေလတ္တံ။ ထိုသို့စေခါ၊ သံဝါကြီးလှ၊ ရောင်းရင်မလည်း၊ ယာသျှင်ရှိမှောက် ရောက်လတ္တံ။ ထိုသို့ရောက်ခါ၊ မိန်းစစ်ရာတွင်၊ သင်ရောင်းရင်မ၊ ကြီးလှအသံ၊ တောလုံးညံအောင်၊ ပဇာဖြစ်၍၊ အော်သနည်းဟု မိန်းလတ္တံ။

ထိုသို့မိန်းခါ၊ သံဝါကြီးထ၊ ရောင်းရင်မက၊ ငှက်ရို့ဘာသာ၊ သစ်ပင်ထက်မှာ၊ အိပ်ပျော်နီဆိုက်၊ ထိုအခိုက်တွင်၊ ငှက်ငယ်ပန်ဇင်း၊ ကျွန့်ဝမ်းတွင်းသို့၊ ၀င်မည်ဟုပင်၊ ပြုပျင်သောခါ၊ ကြောက်လန့်စွာဖြင့်၊ အော်ရပါသည်၊ သတ္တ၀ါများမြောင်၊ ကြောက်လန့်အောင်ဟု၊ ကြံဆောင်ခြင်းကား၊ မဟုတ်ပါဟု ဆိုလတ္တံ။

ထိုသောခါဝယ်၊ ပန်ဇင်းငယ်ကို၊ ရှိတော်မှောက်သို့၊ အရောက်ထိုခါ၊ ခေါ်လတ္တံ။ ယာသျှင်ရှိမှောက်၊ ပန်ဇင်းရောက်က၊ သင်ပန်ဇင်း၊ ငှက်ရို့ဘာသာ၊ မဟုတ်ပါဘဲ၊ သံဝါကြီးထ၊ ရောင်းရင်မ၏၊ ၀မ်းတွင်းကိုသာ၊ ၀င်ဖို့ရှာသည်၊ ပဇာကြောင်းရင်း၊ ဟိသနည်းဟု မိန်းလတ္တံ။

မိန်းလီသောခါ၊ ဖြေသည်မှာကား၊ ကျွန်တော့်ဘာသာ၊ ချောင်းသာမြစ်နား၊ ဇီးကိုင်းဖျားတွင်၊ နီပါသောခါ၊ ကျွန့်မှာမိတ်ဆွေ၊ ဖားပြုတ်ကေက၊ ဖြားရီတက်မှာ၊ အုံးဘောင်စီးလျှက်၊ ၀င်၍လာကေ၊ အဆွေဖားပြုတ်၊ ဇာပြည်ဇာရွာ၊ ဇာကလာကေ၊ ဇာဇာသတင်း၊ ထူးသနည်းဟု၊ မိန်းလီသောခါ၊ ကျွန်တော့်မိတ်ဆွေ၊ ဖားပြုတ်ကေက၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံးမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လိမ္မည်၊၊ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်း၊ ကျိုးလိမ္မည်၊၊ လူလည်းလေးစု၊ ကွဲလိမ္မည်၊၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကို၊ မြင်လိမ္မည်ဟု၊ ပြောလီသောခါ၊ ကြောက်သည်အားနှင့်၊ ကြီးသူရှာကေ၊ ရောင်းရင်ဝမ်းသို့၊ ၀င်ဖို့အမှန်၊ ကြံပါသည်ဟု ဆိုလတ္တံ။

ထိုသို့ဆိုခါ၊ ယာကိုစိုးနင်း၊ ယာပိုင်မင်းက၊ ဖားပြုတ်မိုက်ကို၊ ခေါ်ရမည်ဟု စေလတ္တံ။ စေလီသောခါ၊ ဖားပြုတ်ထံသို့၊ တမန်ထိုခါ လားလတ္တံ။ တမန်ရောက်လစ်၊ ဖားပြုတ်မိုက်က၊ ထိုကိုယောင်ယောင်၊ ဒေယောင်ယာင်နှင့် နီလတ္တံ။

ထပ်ခါထပ်ခါ၊ ခေါ်များလာ၍၊ မနီသာကေ၊ ခုန်ကာစိုက်စိုက်၊ လိုက်၍လည်းလာ၊ ရှိမှာရောက်၍၊ စစ်မိန်းပါကေ၊ မာယာပရိယာယ်၊ လွန်ဆန်းကြယ်၍၊ ရယ်ဘွယ်စရာ၊ ပြုသည်မှာကား၊ ခြီလက်ပြောင်းပြန်၊ မျက်ဆံသီသုတ်၊ ဖားပြုတ်ကေမှာ၊ လျှာကိုထုတ်လို့၊ သီရုပ်ပျင်ကာ၊ အဖြာဖြာနှင့်၊ မာယာပရိယာယ်၊ ညာဏ်ဆန်းကြယ်စွာ၊ ပြလီသောခါ၊ ယာကြီးသခင်၊ စပါးသျှင်က၊ အမြင်ကတ်ကေ၊ ဖားပြုတ်ကေကို၊ လိမ်လည်ပြောမှု၊ ကျောက်နှင့်ထုဟု၊ ပီးသည့်အာဏာ၊ လက်မရွန့်ရို့၊ ထုပြန်ပါကေ၊ ကျောက်နှင့်ထုယင့်၊ ဖားပြုတ်ကေမှာ၊ ကြောတက်ယင့်လည်း တက်လတ္တံ။

ထိုသည်အခါ၊ ပါးစခံတွင်း၊ ဖားပြုတ်ကေမှာ၊ သွီးဖျင်းဖျင်းနှင့်၊ ခုန်ကာခုန်ကာ၊ လားလီပါကေ၊ လမ်းမှာတွိငြား၊ လူအများက၊ အဆွေဖားပြုတ်၊ နီလွန်းလှပါ၊ ဇာကလာဟု၊ မိန်းခါကာလ၊ သူကြီးမြီတိုင်း၊ ကျေးကိုင်းရွာစား၊ အိမ်သို့လား၍၊ ကွမ်းစားရသည်၊ အိုမိတ်ဆွေဟု၊ ဖားပြုတ်ကေကဆိုလတ္တံ။ ။

(ဤတွင် ဖားပြုတ်ကေ၀တ္ထုဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။)

ရှိဟောင်းပီမူ ရခိုင်အချစ်ရတု


သာကြည်ယုယ
မပျော်ရသည်ကြာလှပြီ အသျှင့်သား
အရွှီသည် ပန်းနှင့်တူစွ
စန္ဒာဖြူသည်
ကြိုးကြာမယ်ထက်ပူ၍
တကြူကြူလွမ်းရုတ
မောင်ကြောင့်ပူဆာ
မခံသာသည်
များစွာဝဋ်ဒုက္ခတည်း --။

ပူခြင်းလှသည်ကြီး၍ပေ
ဦးဂေါင်းထိပ်ပြင်
လက်စုံတင်ကေ
ကျွန်လျှင်ကန်တော့ပေ၏ --။

ကြောင်းခြင်းစစ် မှာလိုက်မည်
စက္ကြာပိုင်သား
မေ့သက်ထားသည်
ရွှီနားတဖန်တည်လော့ --။

ရှိက၀ယ်ကုသိုလ်ဟောင်း
ဘုရားစိန္ဒေ
မြတ်ဗုဒ္ဓေမှာ
ညောင်ရည်ပန်းသာလောင်း၍
ဆုပန်တောင်းပြုခမည်
ကြမ္မာကျိုးစက်
ဒါနဖက်ကေ
မပျက်သစ္စာလွယ်၍
ဤလူ့ပြည်ဤဌာန
မောင်နှင့်အတူ
တောင်းဆုယူကေ
နှစ်ဆူပေါင်းဖော်ကြ၍
အော် - တူတကွသည် နီစိုင်တွင်
အလှယင့်ယူ
ချစ်သူသားဖခင်လည်း
ဝီးရပ်ခွင်သည်တိုင်းတပါး
သူ့တိုင်းပြည်ကို
လားသည်ဤကြောင်းလျားကြောင့်
အို ၀မ်းနည်းသည် စားသောက်မခြီ
ညည့်နှင့်နိသည်
ခြောက်ဆယ်ပေါင်းနာရီတွင်
လွမ်းသက်ဝီညှိုးနှမ
ကမ်ဖာခိုးထူ
မှိုင်းမှိုင်းလူသည်
နှစ်ဆူနီနှင့်လကို
တောင့်တဘိ နီစိုင်တွင်
အချစ်မပြီ
မောင့်သက်ဝီကေ
ဒါလီမောင်ပန်းပင်ကို
လွန်ကြည်ညိုသည်
လူကိုမပြော
ချစ်တေအားကို
မေလျှင်ဝမ်းတွင်ထား၏ --။

ဂြိုးလှညို ရွှီငှက်မ
နိညမဆို
တောမြိုင်ညိုမှာ
ဖိုကိုလွမ်းရို့တ၍
နိည၀ယ်အပြန်ပြန်
နာရီခတ်တွင်
မောင့်ကိုတွက်ကျပြန်ကာ
ကေသာဆံ သျှောင်အုံးလုံး
ပန်းကုံးမဆင်
ဆီမပျင်ကေ
မေလျှင်ဖြစ်နီပါ၏ --။

နှလုံးသည် စိတ်ဝီဆာ
နံသာဆီကြိုင်
ကတိုးရိုင်လည်း
နှမကိုယ်နှင့်ကွာ၍
မောင်ကြောင့်သာ စိတ်ဆိုးညစ်
ပတင်းညိုကေ
လီချိုသလွန်သာက
ငိုစိတ်ဖြစ် နီစိုင်ခါ
ဥသြဖိုးခေါင်
ကုက္ကလောင်ကေ
ဝါရောင်ကျူးမြည်လာလည်း --။

တသင်္ကြန်လွန်လီမြောက်
အို - ရတုတဖန်
ရာသီပြန်ကေ
ဝဿန်မိုးဦးရောက်၍
တောင်မြောက်ရပ်သျှစ်မျက်နှာ
စိမ်းမြညိုဝီ
ကမ်ဖာမြီမှာ
ရီလျှင်အီးမြမြနှင့်
အင်းအိုင်ထဲဖားများစွာ
မစဲအသံ
တကြံကြံသည်
ဝဿန်မိုးကိုခေါ်၍
ထက်အာကာဘုံတရိုး
ကြီးလှအသံ
တညံညံကေ
ရုံလျှင်ဟစ်ကာကြိုး၍
တဖြိုးဖြိုးသွန်းကျလာ
ဝဿန်ရာသီ
မိုးဦးချီသော်
တောင်လီဖျူးကာကာနှင့်
မေလျှင်ရင်လုံးအီး
နဂရစ်တောင်ယောင်
ဝင်းလင်းပြောင်သည်
မေကမပျော်ဘိလည်း --။

တယောက်တည်း မေ့တကိုယ်
ဟိလတ်မနော်
စက်တော်ခေါ်ကေ
မေကမပျော်လိုလည်း --။

တယောက်တည်း လုံးချင်းသာ
ခန်းမဆယ်တောင်
တိုက်ခန်းဆောင်မှာ
မောင့်ကိုယ်ကိုမွှီ၍စမ်း
မောင်ကိုယ်ငွိ
မတွိသောခါ
မေရို့မှာကေ
တုံစွာတချမ်းချမ်းနှင့်
တ,နိုးနိုးကြက်သီးဝှန်
ပူပန်ပျောင်းပျ
မောင့်ကိုတကေ
အလှရင်လုံးနွမ်၍
မိုးသောက်ပြန်ထတုံသောခါ
ဗိမှာန်အိမ်နား
ပန်းစံကားသည်
သစ်ဖျားအခက်မှာကား
ငှက်ရွှီဝါကေ တတွတ်တွတ်
(ရောက်ပျာ ရောက်ပျာ)
တြင်းငြာကေ
ကျူးကာနမိတ်ဖတ်၍
မြည်တမ်းရွတ်သည် ငှက်ရွှီဝါ
နိညမဟူ
မောင့်ချစ်သူလေ
မေဖြူကြားလီပါက
အဂယင့်သာ ဟုတ်စနိုး
ချစ်မိုးစုံလင်
ရာသက်ကြင်သည်
အယင်မောင်ရောက်ဖို့ဟု
လွမ်းစိတ်ဖြစ်နီစိုင်တွင်
ပဉ္စင်တူရိယာ
နှဲခရာကေ
ညီညာတီးမှုတ်ကျင်၍
လွန်ပျော်ရွှင် လူအများ
ဇကြော့ကခြီ
ရုပ်မျိးစီကေ
အညီယိုးဒယားနှင့်
သဘင်များပွဲရံရာ
လက်ဖျားကိုချီ
သူ့သက်ဝီသည်
ကိုယ်စီသားနှင့်လာ၍
မိပျော်ငြားဖသက်နှံ
မောင်ဇံပူဆာ
ဖကိုရှာကေ
မြီမှာလှူးကာပြန်၍
တကြံကြံ ငိုလိုက်လတ်က
အလှယင့်ယူ
မေဖြူစိတ်ပူဆာလည်း --။

ပြောစရာ ဆိုမတတ်
မြီးမိခင္မွာ
ရင်ကိုထုထောင်းသတ်၍
ဖခင်တွက်မည်ကြောင့်
မွီးမေအသက်ပင်
သီလျှင်တော့မည်ဟူ၍
အူသဲခြီ တုံလို့ချိ
ဆီးဝါးဂါထာ
မရသာသော်
ပြင်းစွာလောင်သည့်မီးကို
စောင့်ထိမ်းသည် ငြိမ်းသက်အောင်
စေတနာကေ
မိတ္တာဆွမ်းဖြင့်လောင်း၍
(-- ပီပျောက် --)

တိုင်းရပ်မြီ မိဇ္ဈိမ
မိဘဌာန
ရောက်လတ်သောခါ
နှစ်ပါးမောင်နှံ
ဆရာ့ထံမှာ
ဝပ်စင်းလျှောက်တောင်းပန်၍
ဇေတ၀န်မြတ်ကျောင်းတော်
လုပ်လတ်ပြီးခါ
တိုင်းသူပြည်သား
ကောင်းမှုဖက်ကေ
မိတ္တာရီစက်ချ၍
ဝသုမ်ဒရီမြီစောင့်နတ်
ဘော်သျှင်မနတ်လူဗြဟ္မာ
ကောင်းချိမ့်ပြုကေ
နတ်လူသာထုခေါ်စီသောဝ်လည်း --။

(နာမည်မသိ စာဆို)

မျည်းမတ်တိ

လူဆိုစွာ
ကမ္ဘာကိုမှီ (23 1/2) ဒီဂရီ
အောက်ခြီကပင် တိမ်းစောင်းနီရေလတ် --။


ဖြတ်လမ်းလိုက်လူလိုက်
နဖူးသိုက်တူးလူက တူးပနာ
မာနကိုခ၀ါချ
ခံယူချက်ကို ဆီးဆိုး
မိုးခါးရီ သောက်လူကသောက် --။

တယောက်
နှစ်ယောက်
သုံးယောက်
ရွီမလောက် --။

ကျောက်ဆောင်ကို အားကျ
ဂျောင်ထဲက ဖွဲရာကျချေတရွီ
ဆကြွီဒဿနတိနန့် ကျင်ကိုင်
သီအိုရီမှိုတက်တိနန့် လံဆွဲယင်း
လိုင်ကြောတင်းရေလို့ ဆိုချင်ဆို
အပိုမဟိရေ သိက္ခာတချပ်ကို
အလိုဟိရေ ရိက္ခာတနပ်မျိုဖို့
အချိုသကာရှာ ပုရစ်မျက်နှာတပိုင်းနန့် 
သမိုင်းဘင်းဂျီ မခံနိုင် --။

(လှိုင်း ဂစ္ဆပ)
(ရွက်နုပြန်ချိန်ကဗျာများ)
Free4Arakan.Blogspot.Com မှ ပြန်လည်ကူးယူဖော်ပြသည်။

ကိုယ့်လူသီသင့်ရေ

သက္ကရာဇ်ကို မွားမျို
သိက္ခာကို ရောင်းစား
အနှစ်မဲ့စကားနန့် တည်ဆောက်
ကိုယ့်အရိပ်ကို ကြောက်နီရေကိုယ့်လူ
တခြားသူတိကို ဒူးထောက်အောင်
စွမ်းဆောင်နိုင်စွာ အဆန်းလား --။

အလုပ်မလုပ်ဘဲ
အသျှတ်ကိုတော့ခါ
သျှတ်သထက်သျှုတ်အောင်လုပ်
မဟုတ်စွာတိနန့် နှောင်ဖွဲ့
ကဲ့ရဲ့မှုနန့် ခင်းကျင်း
အမုန်းပြတင်းပေါက်မှာ
ရန်မူဖို့ရာ ရှောက်လို့နီ --။

ကိုယ့်လူ၏မသေချာမှုက
တခြားလူတိကို တွေဝေစီရေ
တပါးသူတိကို

ငလိငလည်ဖြစ်စီရေ
အဂယင့် ဆန်းစစ်ကြည့်ကေ
(အမှန်ဗျာယ်) ကိုယ်လူသီသင့်ရေ --။

ဘစောတင်
(ရခိုင့်လွတ်လပ်ရေးစာစောင်မှ)

Friday, August 29, 2008

ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး


ပိတကာသီးခေတ်နှင့် ပညာဟိမောင်ပန်းသီး
============================

အခါတပါးတွင် ရခိုင်ပြည်တွင် အလွန်နာမည်ကျော်ကြားသော ပညာဟိတဦးဟိသည်။ သူ၏ကလောင်နာမည်မှာ (မောင်ပန်းသီး) ဖြစ်သည်။ သူသည်မျိုးရိုးစိုင်ဆက်ချမ်းသာသော အသိုင်းအ၀ိုင်းမှ မွှီးဖွားလူသူတဦးဖြစ်သည်။ လက်မွှီးမီးမလောင် ခြီမွှီးမီးမလောင်ပြုစုကြီးပြင်းလာသူတဦးလည်းဖြစ်သည်။ အရပ်လည်း (၆) ပေကျော်ရှည်သော အာဃယောက်ကျားလည်းဖြစ်သည်။ ယောက်ကျားပီသသည်ကတကြောင်း၊ မိဘမျိုးရိုးစိုင်ဆက်ချမ်းသာသည်ကတကြောင်း၊ ဥပတိရုပ်ကောင်းပြီး ခန့်ငြားထည်ဝါကျက်သရေဟိသည်ကတကြောင်း၊ ဘက်ပေါင်းစုံပြည့်စုံသောကြောင့် သူ့အားမိမ္မများ အလွန်ကြိုက်နှစ်သက်သည်။

သို့သော်သူသည် အလွန်စာရိတ္တကောင်းမွန်သူတဦးဖြစ်သည်။ မိမ္မလုံးဝမလိုက်စား။ အသောက်စကားကင်းသည်။ သူတပါးအားကူညီရိုင်းပင်းတတ်သည်။ ကြင်နာသနားတတ်သည်။ အငယ်ကပင် သူ့ကျောင်းနီဖက်သူငယ်ချင်းများ ကျောင်းသုံးစာအုပ်မ၀ယ်နိုင်၊ လွယ်အိပ်ကျောက်သင်ပုန်းမ၀ယ်နိုင် ထိုအခါများတွင် သူက မုန့်ဖိုးထဲကငွေကို ပီးကမ်းစွန့်ကြဲလေ့ဟိသည်။ ထို့ကြောင့်သူအားသူငယ်ချင်းများက အချေကပင် (သူတော်ချေ) ဟု ချစ်၍တော့၍ခေါ်ကြသည်။ သို့သော် အကျင့်စာရိတ္တနှင့်ပတ်သက်လာလျှင်ကား ခိုင်မာပြတ်သားသည်။ နှမ်းတစိသားလည်းအလျှော့မပီးတတ်။ နှစ်သစ်ကူးသင်္ကြန်ရက်များတွင်လည်း သူငယ်ချင်းများသောက်စားပျော်ပါးရန်ဖိတ်ခေါ်သောအခါ သူကခါးခါးသီးသီးငြင်းဆန်တတ်တသည်။ ထို့ကြောင့် သူ့သူငယ်ချင်းများက သူအားချစ်လည်းချစ်သည် မုန်းလည်းမုန်းသည်။ ချစ်ရသည့်အကြောင်းရင်းက သူရို့ဒုက္ခရောက်သောအခါ သူက နိမဆိုင်းညမဆိုင်း ကူညီတတ်သောကြောင့်ဖြစ်သည်။ မုန်းရသည့်အကြောင်းက သောက်စားပျော်ပါးအကြံများကို လက်မခံသောကြောင့်ဖြစ်သည်။ သူသည် ၀ါတွင်းဝါဆို အခါကြီးရက်ကြီးသင်္ကြန်ရက်များတွင်လျှင်မဟုတ် ၀ါတွင်းကာလ လပြည့်လကွယ်တရက်မပျက်ဥပုသ်စောင့်သည်။ ၀ါကျွတ်လွန်သော်လည်း ဘုရားကျောင်းကန်လားမြဲလားကာ ဆရာသမားများအား ၀တ်ကြီးဝတ်ငယ်ပူဇော်ကန်တော့လေ့ဟိသည်။ ထို့ကြောင့်သူသည် အချေကပင် (ဘုရားတကာကျောင်းတကာ) ဟူသောဘွဲ့နာမကို ပါရမီဘ၀ကံအကြောင်းအားလျှော်စွာ ပိုင်ဆိုင်ထားသူတဦးလည်းဖြစ်သည်။

သူသည်စာအလွန်တော်သူတဦးလည်းဖြစ်သည်။ စာလည်းအလွန်ကြိုးစားသည်။ ထို့ကြောင့် အတန်းတိုင်းတွင်ပထမအမြဲတမ်းရသည်။ အားကစားလည်းအလွန်ထူးချွန်သည်။ စွယ်စုံရပါရမီသျှင်ဖြစ်သည်။ ထို့ကြောင့် ဆရာဆရာမများက သူ့အားအလွန်ချစ်ခင်အားကိုးသည်။ မြို့မျက်နှာပန်းအဖြစ်တင်စားကြသည်။ နှစ်စဉ်နှစ်တိုင်းလူရည်ချွန်အရွီးခံရပြီး ငပလီ၊ ရွှေဝါကျိုင်စသဖြင့် မြန်မာပြည်အနှမ့် လူရည်ချွန်စခန်းများကိုလည်းရောက်ဖူးသည်။ ဆယ်တန်းတွင်နှစ်ချင်းပေါက် ဂုဏ်ထူး (၄) ဘာသာဖြင့် ထူးထူးချွန်ချွန်အောင်မြင်သည်။ ဆယ်တန်းကို (၄) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူမှာ သူရို့မြို့သမိုင်းတွင် သူသာလျှင်ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်နှစ်များတွင် ဂုဏ်ထူး (၁) ဘာသာ (၂) ဘာသာဖြင့်အောင်မြင်သူ မဟိသလောက်ဖြစ်သည်။ ဆီးတက္ကသိုလ်ဝင်ခွင့်ရသော်လည်း ဆရာဝန်ဘ၀ကိုစွန့်ပြီး သူဝါသနာပါရာ မြန်မာစာအဓိကဖြင့် တန်းမြင့်မဟာဝိဇ္ဇာဘွဲ့ကို ထူးချွန်စွာဆွတ်ခူးအောင်မြင်ခသည်။ တက္ကသိုလ်နောက်ဆုံးနှစ်တွင် သူ၏ဖူးစာပါရမီသျှင်နှင့်တွိဆုံပြီး အိမ်ထောင်ကျသည်။ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနတွင် နည်းပြဆရာအဖြစ်စတင်အမှုထမ်း၍ သူ၏ထူးကဲသောအရည်အချင်းကြောင့် နှစ်များမကြာသူသည် မြန်မာစာဌာနတွင် ဂုဏ်ထူးဆောင်ပါမောက္ခတဦးဖြစ်လာသည်။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပါမောက္ခဖြစ်လာသူဟူ၍ ရန်ကုန်တက္ကသိုလ်သမိုင်းတွင် ပညာဟိမောင်ပန်းသီးတဦးတည်းသာလျှင်ဟိသည်။ ထို့ကြောင့် ရခိုင်ကျောင်းသားကျောင်းသူများ ရန်ကုန်တက္ကသိုလ်စာပီလောကတွင် မောင်ပန်းသီး၏နာမအသျှိန်အ၀ါကြောင့် မျက်နှာပန်းအလွန်ပွင့်လန်းကြသည်။ ဂုဏ်ယူမြောက်ကြွကြသည်။

ပညာဟိမောင်ပန်းသီးသည် အလွန်မျိုးချစ်စိတ်ထက်သန်သူလည်းဖြစ်သည်။ သူ့တပည့်သားသမီးများအား (အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍၊ ရက္ခိုင်ဝံသ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်အပ်စွာတည့်။) ဟူသော သူ၏လက်သုံးအသျှင်နာဂိန္ဒမော်ကွန်းလင်္ကာဖြင့် ဆိုဆုံးမလေ့ဟိသည်။ သို့သော် လင်္ကာတပုဒ်လုံးကိုကား သူတခါမှမဖတ်ဖူးပေ။ မြင်လည်းမမြင်ဖူးပေ။ အသျှင်နာဂိန္ဒကား လေးမြို့ခေတ်စာဆိုလား၊ မြောက်ဦးခေတ်စာဆိုလား အတိအကျမသိ။ တခါတွင် လေးမြို့ခေတ်က၊ တခါတွင်၊ မြောက်ဦးခေတ်က၊ တခါတွင် ဝေသလီခေတ်ကစသည်ဖြင့် ယောင်သျွှီးလုပ်တတ်သည်။ သို့သော်သူသည် နဖူးပြောင်ပြောင်ဖြင့် မှင်အလွန်ကောင်းသဖြင့် တပည့်သားသမီးများက သူပြောတိုင်း အားကိုးယုံကြည်သည်။ ဆရာကြီးဖေမောင်တင်ရွီးသောမြန်မာစာပီသမိုင်းကို အစအဆုံးမကြည့်ဘဲ နှုတ်ကျက်ရွတ်ပြနိုင်သူအဖြစ် လေးစားဂုဏ်ယူသည်။

မောင်ပန်းသီးမှာ ယခုအခါအသက်အရွယ်ကြီးရင့်ပြီး ပညာရေးလောကမှ အနားယူလားပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းဟိ သူ၏သမီးကြီးအိမ်တွင်ချမ်းသားစွာနီထိုင်လျှက်ဟိသည်။ သမီးကြီးတွင် သားကြီးတယောက်၊ သမီးတယောက်ထွန်းကားသည်။ သူ၏မြီးများက သူ့အား (အဖိုးသျှင်၊ အဖိုးသျှင်) ဟုခေါ်လျှင် သူသည်အလွန်ဝမ်းမြောက်ပီတိဖြစ်ရသည်။ သူ့မြီးများအား ပညာအမွှီလက်ဆင့်ကမ်းပီးရသည်ကို ၀မ်းသာမဆုံးဖြစ်သည်။ (၅) နှစ်အရွယ်မြီးထွီးချေမှာ သူငယ်တန်းဖတ်စာသစ်ကို တလုံးမကျန်အဖိုးသျှင်ရှိတွင် အလွတ်ရွတ်ပြနိုင်သည်။ မပီတွတ်တွတ်ပီတွတ်တွတ် အဖိုးသျှင်အား နားမလည်သည်များကိုလည်း မိန်းမြန်းလေ့ဟိသည်။ တခါတရီတွင် လုံးဝအဓိပ္ပါယ်မဟိသောမိန်းခွန်းများဖြစ်သော်လည်း အဖိုးသျှင်က စိတ်ရှည်လက်ရှည်ယှင်းပြတတ်သည်။ ဥပမာအားဖြင့် (အဖိုးသျှင် ဘော်လုံးဇာဖြစ်လုံးရေလဲ) စသည်ဖြင့်ဖြစ်သည်။ ထိုအခါ (ဘော်လုံးဖြစ်လို့ လုံးရေပုချေ) ဟု အသင်္ခတဥာဏ်ဖြင့် မဆိုင်းမတွက်ချက်ချင်း ပြန်ဖြေနိုင်သည်။

မြီးအကြီးသူမှာ လေးတန်းအောင်ပြီးဖြစ်သည်။ အဖိုးသျှင်အိမ်တွင် ရခိုင်ပညာဟိများလာရောက်၍ စာအကြောင်းပီအကြောင်း၊ သမိုင်းကြောင်း၊ ဓည၀တီအကြောင်း၊ ဝေသာလီအကြောင်း၊ သုဝဏ္ဏဒေ၀ီအကြောင်း၊ မင်းထီးမင်းဘာအကြောင်း၊ စသည့်အကြောင်းကြောင်းများကို အာဘောင်အာရင်းသံများဖြင့် ဆွေးနွေးတိုင်ပင်သည်များကို စိတ်ဝင်တစားနားထောင်လေ့ဟိသည်။ ထို့ကြောင့် သူသည်အသက်ငယ်ပင်ငယ်သော်ငြားလည်း ရခိုင်သမိုင်းကြောင်းကို ရင်းနှီးအကျွမ်းဝင်သည်။ (ရခိုင်အစ မာရယုက၊ ဘီစီ (၃၃၂၅) တွင် ရခိုင်သမိုင်းစတင်သည်။ ရခိုင်သားသည် (အာရီယံနွယ်မျိုးဖြစ်သည်၊) အစဟိသည်ဖြင့် သူ၏ကျောင်းနီဖက်သူငယ်ချင်းများအား ဖောက်သည်ချပြောပြနိုင်သည်။

တရက်နိတွင် သူသည်အဖိုးသျှင်အား မိန်းခွန်းတခုမိန်းလတ်သည်။ (အဖိုးသျှင် (ရခိုင်မှာစာမဟိ) ဆိုစွာဟုတ်တေလား။ ကျောင်းကဆရာမက ယင်းပိုင်ယှောင်ပြောပါရေ)။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့မြီးအား မာန်ပါပါဖြင့် (အဝေး အခုမင်းဖတ်နီရေ မြန်မာစာက ရခိုင်စာချင့်။ မင်းအစာကိုပြောရေလဲ) ဟု အော်ငေါက်လိုက်သည်။ ယေခါ သူ့မြီးက (ယေကေအဖိုးသျှင် (သင်္ဘောသီး) ကို (ပိတကာသီး) လို့ မောင်မောင်ရို့ ရခိုင်မှာခေါ်ပါရေမနား၊ အေမှာက (သင်္ဘောသီး) လို့ရာ ရွီးထားပါရေ။) ဟုဆိုသည်။ ထိုအခါ အဖိုးသျှင်က (အဝေး ယင်းသူရို့တိ ခိုးထားစွာ ခိုးထားစွာ) ဟုအော်သည်။

တရက်နိတွင် မြီးအကြီးသူ မြန်မာစကားပုံများကို အလွတ်ကျက်မှတ်နီသည်။ ထိုတွင် (ပညာဟိ သတိဖြစ်ခဲ) ဟူသောစကားပုံကို နားမလည်နိုင်ဖြစ်နီသည်။ ထို့ကြောင့် အဖိုးသျှင်အား (အဖိုးသျှင် ပညာဟိ သတိဖြစ်ဖြစ်ခဲ) ဆိုစွာ ပဇာကိုပြောစွာပါလဲ။) ဟုမိန်းလိုက်သည်။ ထိုအခါ အဖိုးသျှင်က သူ့ကိုယ်သူလက်ညှိုးထိုးလျှက် (အဝေးမြီးချေ ငါ့ကိုကြည့် ငါ့ကိုကြည့်၊ ပညာဟိဆိုစွာ (အိုပင်အိုကေလည်း သတိမမိ) ဆိုစွာကိုပြောစွာ) ဟု ဖြေသည်။ ယင်းကာလ ငါးနှစ်အရွယ်မြီးထွီးအပုချေက (ဟ ဟာဟ ရယ်လိုက်ရ) ဟု စာဖတ်သံနှင့်လားတိုက်ဆိုင်နီသည်။ ထိုအခါ ပညာဟိမောင်ပန်းသီးက သူ့အားအယွဲ့တိုက်သည်အထင်ဖြင့် (ဟေးကောင်မချေ မဖတ်ကဲ့၊ တန့်တန့်) ဟု ဟန့်တားလိုက်သည်။ ပြီးလျှင် သူသည်ရှက်ရှက်ဖြင့် (အေခုခေတ် အဂယင့် ပိတကာသီးခေတ်အမှန်။ အကြီးကအောက်က အငယ်ကအထက်က) ဟု ဘုပြောပြီးလျှင် ဘုရားခန်းထဲသို့ ပုတီးစိတ်ရန်လှမ်းဝင်လိုက်သည်။



Wednesday, August 27, 2008

ဇတ်လမ်းကို အဆုံးသတ်ခန်း


ဇတ်လမ်းကို အဆုံးသတ်ခန်း
===================

သဘာပတိများကြွလာကေ
ရပ်စောက်ရပ်အလေးပြုရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

သက်တန်းကုန် ၀န်ကြီးတိနန့်တွိတိုင်း
ခါးကိုင်းဦးညွတ် အရိုအသေပီးရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

ပြက္ခဒိန်မှာ ဆီးမှင်အနီကွက်ကျား
ရက်တိကများများ
ညိတိုင်းညိတိုင်း ဆန္ဒပြရဖို့လား
အခမ်းအနား အခမ်းအနား နိမအားညမအား
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

အစည်းအဝေးတက်တိုင်း
ငွေရေကြေးရေးအယှုတ်ယှင်းရ
ညီညွတ်ရေး ညီညွတ်ရေးဆိုဗျာ
နဖူးကွဲဒူးပြဲ အလဲထိုးရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

အချိန်တန်ကေ အချိန်မှန်ထုတ်ပြန်ရေ
လံကြုတ်သတင်းတိကို
ရေဒီယိုဖွင့်တိုင်းကြားနာရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

ရခိုင်တခွန်းမပါ
ရခိုင်အမျိုးသားမြန်မာသတင်းစာကို
လစဉ်ပုံမှန် စာမျက်နှာလှန်လှန်ဗျာဖတ်ရ
ကျွန်တော့်မှာ တော်လှန်းရေးအတွက်
ပင်ပန်းလားခပါဗျာ --။

မမြင်ချင် မကြည့်ချင်အဆုံး
မျက်နှာတိကို
မြင်ရပြုံးပြရ ဘ၀ဒုက္ခများစွာနန့်
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

ရန်သူကို တော်လှန်ဖို့အချိန်မရ
ရွှေလဒများကိုကျည်း တိုက်ခိုက်နီရ
ကျွန်တော့်မှာ တော်လှန်ရေးအတွက်
ပင်ပန်းလားခပါဗျာ --။

(သာလှဦး)

ထောင်တည်မော်ကွန်းသူရဲ

ထောင်တည်မော်ကွန်းသူရဲ
=================

အဖွဲ့အစည်းတခု၏နယက
အကြံပီးအရာဟိကြီးပ
ရုတ်တရသီဆုံး သျှင်လူအားလုံး
ယူကျုံးမရ နှမြိုးတသ
အဖရခိုင်ပြည်၏သားကောင်းရတနာကြယ်မွန်
အချိန်မတန်ခင်
ကွယ်လွန်စွာစော
အကျွန်ုပ်ရို့အား
ကြောခိုင်းလားဗျာယ် --။

ဘစောင်ပျင်လို့ ရက်စက်စွာလဲ
ခေါ်ကေလည်းမထူး ငိုကေလည်းမကြား
ဥပက္ခေတရားနန့်
မရဏရထားစီးလို့
ကျွတ်လားခဗျာယ် ---။

အလေးပြုကတ် ရပ်စောက်ရပ်ကတ်
ဂေါင်းညွတ်ဂုဏ်ပြု (၃) မိနိလောက်
ကောင်းရာသုဂတိ လားစီဖို့ ---။

ဆရာကြီးရေ စာသမား ပီသမား
ဘာသာရေးသမား စာဟောဆရာကြီး
ဘိန္ဓောယမ်းကု စွယ်စုံရ ပါရမီသျှင်
မျိုးချစ်ပုဂ္ဂိုလ် နိုင်ငံရေးသမား
တော်လှန်ရေးသမား
လူအများက နာမကင်းပွန်း
အမွှမ်းတင်ခေါ်ဝေါ် ဒေါ်လာသန်း (၅၀၀)
(Project) ဆရာကြီး ---။

ဆရာကြီးချန်ခ ဂျောင်ထဲက
အညတရ တေတ္တာတလုံး
ပုလဲကုံးရတနာ အဿပြာသိန်းသန်း
နီမြန်းသော ပတ္တမြား
ဖွင့်ကြည့်သောအခါ
နွမ်းရိကြီမွ မှိုတက်လျှက်
အ၀တ်စနန့်ထုတ်ပိုး ပိုးထိုးကြွက်ကိုက်
လက်နှိပ်စက်မူ ဆောင်းပါးတပုဒ်
မဂ္ဂဇင်းတအုပ်က
ကော်ပီကူးထားစွာ ---။

၎င်းအပြင် စာလုံးမပီမပြင်
(Type) ရိုက်ထားသော
ဘာသာပြန်တမူ ---။

ဆရာကြီးသည်
စာပီကို အသက်ထက်မြတ်နိုး
တန်ဖိုးထား၏။
ဂျောင်ထိုးသိမ်းထား ကြွက်ကိုက်စား၏ ---။

မည်သူမည်ဝါ
အသူလာတောင်းတောင်း မပီး ---။

အာဂပုဂ္ဂိုလ် ခေသူမဟုတ်
သို့အတွက်ကြောင့်
(အကြံပီး နယကကြီး)
ကောင်းချီကင်းပွန်း အမွှမ်းတင်ကျူး
ရွာဦးနတ်ပိုင်ယှောင်
ပူဇော်ပသ ကိုးကွယ်ရစွာ ---။

ဆရာကြီးမြတ်နိုး တန်ဖိုးထားသော
ပြည်တန်ပတ္တမြား
(ထောင်တည်မော်ကွန်း) ကို
ဆရာကြီးစီးရာ သင်္သရာရထား လားရာ
တဖ၀ါးမကွာ ကပ်လျှက်ပါဖို့
အလောင်းနန့်ခေါင်း
ကျမ်းဟောင်းမော်ကွန်း
ဇတ်လမ်းသုံးပွင့်ဆိုင် ---။

နောက်နိညည့်
ရက်လည်ဆွမ်းမကျွေးရသိမ့်ခင်
သက်ဆိုင်ရာ အဖွဲ့အစည်း (၂) ခု၏
ယုန်းခန်း၌
ထောင်တည်မော်ကွန်းသူရဲ
ဲခြောက်သည်ဟူ၏ ---။

(မယုံလျှင် စုံစမ်းကြည့်က သိနိုင်ပါသည်။)

(ရခိုင်ပေါင်းကူး သာလှဦး)



ရခိုင်သားလေ ရင်လီးရေ


ရခိုင်သားလေ ရင်လီးရေ
===============

ရခိုင်ဟူသည်
မျိုးသီလကို၊ စောင့်လှပိုင်ပိုင်
ထိန်းသိမ်းနိုင်လို့၊ မွှီးကြိုင်သတင်း
ကမ္ဘာခွင်မှာ၊ ဂုဏ်ရောင်လင်းခ
ကျော်ဇောခယင့် ---။

ဒေနိရခိုင်၊ မခိုင်ကျင့်ပျက်
အမျိုးဖျက်ကာ၊ သွီးရောလာကေ
ရခိုင်သားလေ ရင်လီးရေ ---။

ဒေနိရခိုင်၊ နိုင်ရာဖိနင်း
အချင်းချင်းပင်၊ ကြင်နာကင်းပြတ်
ညီညွတ်မှုဝီး၊ အမြင်ဆွီးကေ
ရခိုင်သားလေ ရင်လီးရေ ---။

ဒေနိရခိုင်၊ ကိုယ်ပိုင်စီးပွား
ဝမ်းခါးလုံမျှ၊ မကြွယ်ဝဘဲ
မာနတန်းခွန်၊ မိုးယံကိုထိ
မျိုးလည်းမသိ၊ ဆွီမသိယာ
ဇာသူပင်သီ၊ ငါမထီဗျာ
တနပ်စာကို၊ တသက်ထင်ကေ
ရခိုင်သားလေ ရင်လီးရေ ---။

ဒေနိရခိုင်
ယိမ်းယိုင်စီးပွား၊ ကျင့်ဖောက်ပြားကာ
ဇာတီပုထိုး၊ အမျိုးမျိုးကို
ရိုက်ချိုးမြီလှန်၊ မကျန်ပါကေ
ရခိုင်သားလေ ရင်လီးရေ ---။

ဒေနိရခိုင်
မျိုးစိုင်သွီးအု၊ နုနုနယ်နယ်
လူငယ်အများ၊ တတ်ထားပညာ
ဟိကတ်ပါလည်း၊ လိမ္မာနှမ့်စပ်
ကိုယ့်သမိုင်းရပ်ကို၊ မသိကတ်ပြန်
မျိုးမာန်ကင်းဝီး
မဆိုင်ရာမှာ၊ အပြိုင်လုပ်တေ၊ ယစ်ထုပ်ကြီးတိ
ဒေနိချိန်ခါ၊ ဖြစ်များလာကေ
ရခိုင်သားလေ ရင်လီးရေ ---။

(ဓညဦး)



Sunday, August 24, 2008

အောက်အီးအီးတွန်သော ၀ံလက်


အောက်အီးအီးတွန်သော ၀ံလက်
=================

ရဲရဲတောက်
အမောက်နီနီနန့်
တိုက်ကြက်ဖကြီး
အီကရီးမတွန် --။

မာန်ပေါက်ပေါက်
တွန်ဟောက်လိုက်သည်
အောက်အီးအီးအွတ် --။

(သာလှဦး)

ရခိုင်သားနိုင်ငံရေး


ရခိုင်သားနိုင်ငံရေး
==========

ပြောခါ လွတ်လပ်ရီး
လုပ်ခါ ဖွတ်ချီး --။

ပြောခါ ဒီမိုကရေစီ
လုပ်ခါ လီမိုကရေစီ --။

ပြောခါ လူ့အခွင့်အရေး
လုပ်ခါ သူ့အခွင့်အရေး --။

ပြောခါ ညီညွတ်ရေး
လုပ်ခါ နဖူးကွဲ ဒူးပြဲ --။

အယင်ခါ ကျင်သန်
အခု (---)။

(သာလှဦး)

Saturday, August 23, 2008

ရခိုင်ပြည်နှင့် ဘုရားမျက်ပြူးသမိုင်း




ဤဘုရားမှာ သာလှဦးကိုးကွယ်သောဘုရားဖြစ်ပါသည်။ ရခိုင်ပြည်က ရွှေချခံမျက်ပြူးဘုရား (ဘုရားဘောက်ရှု)များနှင့် တခြားစီဖြစ်ပါသည်။ ဤဘုရား၏မျက်နှာတော်ကို အသေအချာဖူးမျှော်ပါ။ မျက်လွှာချလျှက် ဈာန်သမာပါတ်ဝင်စားနီပုံဖြစ်ပါသည်။ စာရွီးသူနာလန္ဒာ ဗုဒ္ဓဂါယာ အိန္ဒိယလက်ရာ ဘုရားများကို အင်တန်ချေလောက်မြင်ဖူးခပါသည်။ အားလုံးမျှက်လွှာချလျှက် ဈာန်သမာပါတ်ဝင်စားနီပုံဖြစ်ပါသည်။ ထိုအခါ မိမိရခိုင်ပြည်က ရွှေချခံဘုရားမျက်ပြူး (ဘောက်ရှု) ဘုရားများကို သတိထားမိပါသည်။ ငါရို့ရခိုင်ပြည်ကဘုရားတိ ပဇာကြောင့်မျက်စိပြူးရသနည်း။ မိန်းခွန်းတခု စာရွီးသူဂေါင်းထဲသို့ ၀င်ရောက်လာပါသည်။ စာရွီးသူသည် ရှိဟောင်းလက်ရာ ရခိုင်ဘုရားများ၏မျက်နှာတော်များကို ဖူးမျှော်ချင်သောစိတ် ရင်ထဲတွင် အလွန်ပြင်းပြလာပါသည်။
အမှန်မှာ ရခိုင်ရှိဟောင်းဘုရားများမှာ မျက်ပြူးဘုရားမဟုတ်ပါ။ အထက်ပါရုပ်ထုတော်ကို ပူဇော်ခြင်းအားဖြင့် ရှိဟောင်းလက်ရာစစ်စစ်ကို ဖူးမျှော်မြင်တွိနိုင်ပါသည်။ ဤရှိဟောင်းလက်ရာအတိုင်းတွိရသည်ကို အလွန်ကုသိုလ်ကံကောင်း၍ဟု ပြောဆိုနိုင်ပါသည်။ နီပူထဲတွင် ကြံကြံခံလျှက် ဒုက္ခခံနီသည်မှာ ရခိုင်သားများအား ရခိုင်ရှိဟောင်းဘုရားလက်ရာစစ်စစ်ကို မြင်စီချင်၍ တမင်ဒုက္ခခံနီသည်ဟု ယူဆရပါမည်။ နောက်ပိုင်း မြန်မာကျွန်သဘောက်များက မြန်မာပြည်က အတတ်ကူးကာ မြန်မာပန်းရံဆရာများကိုခေါ်လျှက် မျက်လုံးတော်ဖွင့်ပွဲများကျင့်ပလျှက် ရခိုင်ဘုရားများကို တပါးမကျန် ကြွီမျက်လုံးတပ်၍ မျက်ပြူးဘုရားလုပ်ပစ်လိုက်ကတ်ပါသည်။ အလွန်ဝမ်းနည်းဖို့ကောင်းလီစွ။ မြောက်ဦးသို့ဘုရားဖူးလားတိုင်း ဘုရားတိုင်းတွင် ရွှေချခံမျက်ပြူးဘုရားများကို တွိရပါလိမ့်မည်။ မျက်ပြူးဘောက်ရှုဘုရားများတွိတိုင်း ရှိဟောင်းလက်ရာစစ်စစ်ဟု ထင်မှတ်မှားခြင်းမပြုပါလီနှင့်။
ဈာန်သမာပါတ်ကွယ်ပျောက်၍ (ဘုရားဘောက်ရှု) ပြုလုပ်သူများမှာ ရခိုင်ကျွန်သဘောက်များဖြစ်ပါသည်။ တနိနိတချိန်ချိန်တွင် မျက်ပြူးဘောက်ရှုဘုရားများကို မူလနဂိုရှိဟောင်းရခိုင်လက်ရာအတိုင်း ပြန်ဖြစ်အောင်ကြိုးစားရမည်မှာ အကျွန်ုပ်ရို့၏မပြီးပြတ်သိမ့်သော တာဝန်တရပ်ဖြစ်ပါသည်။ ဤသည်ကို အချိန်မှီသတိရနိုင်စီရန်၊ ဂေါင်းထဲတွင် အတွက်ရစီရန်ရည်ရွယ်၍ ဤ (ရခိုင်ပြည်နှင့်မျက်ပြူးဘုရားသမိုင်း) စာပိုဒ်ကို ရွီးသားပို့တင်ရခြင်းဖြစ်ပါသည်။ နမော်နမဲ့နီထိုင်အသက်ရှင်ခြင်းမပြုပါလီနှင့်။
(ဤမှာဘုရားတပါး နီပုံထဲမှာ ကိုးကွယ်သူမဟိ သနားကောင်းထမန်း ငါရို့ ရွှေချကိုးကွယ်ပြီးကေ ကြွီမျက်လုံးတပ် မျက်ပြူးဘုရားလုပ်ပစ်လိုက်ကတ်မည်) ဆိုဗျာလည်း ကျွန်သဘောက်အကြံမဟိပါစီနှင့်။ ဤအတိုင်းဖူးတွိရသည်ကိုပင် အလွန်ကံကောင်းသည်ဟု ယူဆရပါမည်။ အခုမှတခါ ယှားယှားပါးပါး အားရပါးရ ရခိုင်ရှိဟောင်းဘုရားလက်ရာစစ်စစ်ကို ဖူးမျှော်မြင်တွိရခြင်းဖြစ်ပါသည်။ ဤဘုရား ပဇာအရပ်တွင်ဟိသနည်း၊ ဘုရားနာမည်တော်ကား မည်သို့ ခေါ်ဝေါ်ခြင်းပြုသနည်း အကျွန်ုပ်ရို့ ကြိုးစားရှာဖွေဖော်ထုတ်သင့်ပါသည်။ သမိုင်းသုတေသီဆိုသူများ၊ ဘုရားသားတော်ဘုန်းတော်ကြီးများမှာလည်း နမော်နမဲ့ အမှုမဲ့အမှတ်မဲ့ နီထိုင်ခြင်းမှာ နိုးထရန်အချိန်တန်ဗျာယ်ဖြစ်ပါကြောင်း ရွာလည်မောင်းခတ် ကြေငြာအပ်ပါသည်။
(သာလှဦး)

အတိတ်နှင့် ပစ္စုပ္ပန် (၃) (BP)





အတိတ်နှင့် ပစ္စုပ္ပန် (၃)
============

သမိုင်းကို ပြန်ရွီးဖို့အစား
သမိုင်းကို ဖန်တီးကတ်မည် --။

(သာလှဦး)

Thursday, August 21, 2008

သုံးသပ်ခြင်း

အဝေသူငယ်ချင်း
မင်းလည်းရခိုင် ငါလည်းရခိုင်
ငါရို့တိမှာ ဖျောက်သင့်စွာက
ဆင်းရဲသူ လူမဟုတ်
ပုဇွန်ဖြူငါးမဟုတ်
ဆင်းရဲကေနှိမ် ရတတ်ကေမုန်း
အကြံတူ ရန်သူ ကိုယ့်ထက်သာမကြိုက်
ဒေပိုင်စိတ်ထား အတ္တများနန့်
အများကြိုက်နှစ်
ဇာမျိုးချစ်လည်းမဖြစ်နိုင် --။

(ဦးသာမောင်)

Tuesday, August 19, 2008

စိတ်ဓါတ်

ငါကား ဒေမြို့၊ သူကား ထိုရပ်
မင်းကား ထိုမြီ၊ ငါကား ဒေရွာ
မခိုင်စိတ်ဓါတ်၊ ကွဲပြိုကတ်ကေ
ရက္ခဒေမြီ၊ လေးဝတီသည်
ဝါးစည်းပြီယှောင် ပြိုလိမ့်မည် --။

(ထွန်းစိုးခိုင်)

Monday, August 18, 2008

အနာ

ပစကတော့ ဝေသာလီ
လက်မှာတော့ ၀ီစကီ --။

(သဇင်မြီ သန့်နိုင်)

Monday, August 11, 2008

အတိတ်နှင့်ပစ္စုပ္ပန် (၂)

အယင်ခါ မဟာ
အခု လဘာဂျာ --။

(သာလှဦး)