တစ် နှင့် တ အရေးအသား ကိစ္စ
=======================
တစ် / တ အရေးကို ဘာလုပ်သင့်သလဲ။
ပင်းယခေတ်က စပြီး ကုန်းဘောင် ခေတ်ထိ ပေါ်ပေါက်ခဲ့တဲ့ ကဗျာ စကားပြေ စာဆိုကြီးများရဲ့ စာတွေကို ကြည့်ပါ။ သူတို့တတွေဟာ အခုသတ်မှတ်ထားတဲ့ "တစ်/တ" ရေးထုံးနဲ့အညီ ရေးခဲ့ကြသလား။ စကားအ ဆက်အစပ်အရ နားလည်အောင် ရေးသား ထားကြသလား။ ခုသတ်မှတ်တဲ့ ရေးထုံးနဲ့ မညီလို့ အနက် #ကမောက်ကမ ဖြစ်နေတာမျိုး တွေ့ကြသလား။ အဲဒါဟာ အဖြေပါ။
ကျနော် မြန်မာစာအထူးပြုသမားပါ။ တစ် / တ ကိစ္စမှာ ကိန်းဂဏန်း (၁) အရေအတွက်ကို တိတိကျကျ ထင်ရှားစေချင်ရင် "တစ်"လို့ ရေးပါတယ်။ ရှေ့နောက်စကားအဆက်အစပ်အရ တစ်ခု တစ်ကောင် တစ်ယောက်လို့ ထင်ရှားနေရင် "တခု တကောင် တယောက်"လို့ ရေးပါတယ်။
ဘာသာစကားဆိုတာ လူ့သတ်မှတ်ချက်ပါ။ စကားလုံး အားလုံးဟာ လူကသတ်မှတ်လိုက်တဲ့
"ရုဠှီ" ကချည်း "စ" ခဲ့တာပါ။ တခြားနေရာတွေမှာ မှန်ချင်မှ မှန်မယ်။ ဘာသာစ ကားကိစ္စမှာတော့ "အများ ညီ 'ဤ' , 'ကျွဲ' ဖတ်" နိုင်တာ အမှန်ပါ။ ဘာသာစကား ရေး ထုံးတွေ ဝေါဟာရသတ်မှတ်ချက်တွေ မှန်သမျှမှာ အများက တညီတညွတ်တည်း လက်ခံသုံးစွဲလိုက်ရင် ဘာသာ စကားကိစ္စအထမြောက်သွားတာချည်းပါပဲ။
မြန်မာစာရေးတဲ့အခါ အရေအတွက် (၁) ဖြစ်ကြောင်း အတိအကျ ထင်ရှားစေလိိုသောအရာ ဌာနများတွင် (တစ်) ကို အသုံးပြုရန်၊ ရှေ့နောက်စကားအဆက်အစပ်အရ အရေအတွက် (၁) ကိုရည်ညွှန်းကြောင်း/ ဆိုလိုကြောင်း ထင်ရှားတဲ့အခါ "တ"ကို အသုံးပြုရန်လို့ သတ်မှတ်လိုက်ရင် ကိစ္စပြီးတာပါပဲ။ တစ် / တ အရေး မပေါ်ပေါက်မီက ကျနော်တို့ ဒီမူအတိုင်း သုံးလာတာမှာ ဘာပြဿနာမှ မရှိခဲ့ဘူးလေး။ ပင်းယခေတ်ကနေ မနေ့တနေ့ကလို့
ပြောရမယ့် ခေတ်ကြီး (၆) ခေတ်ကျော်အထိလည်း
ဒီမူအတိုင်း အဆင်ပြေလာခဲ့တာပဲလေ။ တစ် / တ ခွဲခြားပြဋ္ဌာန်းလိုက်မှသာ, (တစ်/တ)အရေး
ပေါ်လာခါမှသာ ကမောက် ကမတွေ ဖြစ်ကုန်ရတာလေ။
ဒီလိုမျိုးတွေပေါ့။
▪️ငါက တစ်ကယ်ပြောတာကွာ၊
▪️ခေတ်ကြီးက တစ်နေ့တစ်ခြား ပြောင်းလဲတိုးတက်နေတာ။
▪️မင်းက တစ်မင်တစ်ကာ ဂွတိုက်နေတာပဲ။
▪️တစ်ပျော်တစ်ပါး ရေကူးကြစို့။
"တစ်/ တ"ကို [ဘယ်လိုရေးရကြောင်း သတ်မှတ်ချက်"] ကို တမင်တကာ အထူးပြုလေ့လာမထားရင် "တစ်/ တ အသုံး" မှန်အောင်ရေးဖို့ မလွယ်ပါဘူး။ မြန်မာတပြည်လုံးက မြန်မာစာပါရဂူတွေ ပါမောက္ခတွေအားလုံးကို ရှောင်တခင် (ကြိုတင်အသိမပေးဘဲ)ခေါ်ပြီး "တစ်\တ" အရေး စစ်ကြည့်လိုက်ပါလား။ ဒီလိုရေးမှ အမှန်လို့ သတ်မှတ်တဲ့အတိုင်း ရေးနိုင်သူ ရာ နှုန်းပြည့် မရှိနိုင်ပါ။
ကျနော် သတ်ပုံသစ်က ရေးထုံးသတ်မှတ်ချက်တချို့ကို လုံးဝ လက် မခံချင်ပါ။ ဒါကြောင့် ကိုယ့်ဘာသာ အလွတ်သဘောရေးတဲ့အခါ အသုံး တွင်နေတဲ့ အရပ်သားသုံးအတိုင်း ရေးပါတယ်။
ဇီးသီး၊ ဂွေးသီး၊ ဒါပေမယ့်၊ တနေ့တခြားစသည်ပေါ့။ ဆောင်းပါး စာတမ်းစသည် ရုံးသုံးစကားပြေ formal prose နဲ့ ရေးရမယ့်အခါတော့ သတ်ပုံကျမ်းနဲ့အညီ ရေးပါတယ်။
ပြောချင်တာကတော့ ဘာသာစကားဆိုတာ လူ့သတ်မှတ်ချက်မျှသာပါ။ အသုံးတွင်မှုအတိုင်းသာ ထားလိုက်ရင် အဆင်ပြေမှာကို "သတ်မှတ်ချက်အသစ်လဲပြောင်းလိုက်ရော အများပြည်သူ မှားကုန်ရော"ဆိုတာမျိုးတွေကို ဆင်ခြင်စေချင်တာပါ။
"သူ /သူမ တို့၊ ကိုယ့်ကိုယ်ကိုယ်" တို့လို နယ်ပြတ်အောင် အကျိုးသင့် အကြောင်းသင့် ခွဲပြတာမျိုးကိုတော့ အများက ဘဝင်ကျကျ လက်ခံကြတာပါပဲ။
ကျနော်က စာရေးချင်တဲ့အခါ သတ်ပုံကို ဂရုစိုက်မနေနဲ့။ လွတ်လွတ်လပ်လပ်သာရေး။ ကိုယ့်စာက ကောင်းလို့ ပုံနှိပ်ထုတ်ဝေတဲ့အခါ တိုက်က/စာပြင်ဆရာက မှန်အောင် ပြင်ပေးလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ အဲဒါပကတိအခြေအ နေပဲလေ။
ဒါပေမယ့် "စာရေးချင်တဲ့အခါ သတ်ပုံကို ဂရုစိုက်မနေနဲ့။ လွတ်လွတ်လပ်လပ်သာရေး"ဆိုတာလောက်ပဲ ကျနော့်ဆရာ့နား ပြန်ပေါက်တဲ့အခါ ဆရာက ဒါဟာ တာဝန်မဲ့ပြောတာလို့ ရှုတ်ချစကားဆိုခဲ့ပါတယ်။
facebook မှာ လူတန်းစားအမျိုးမျိုးသူတို့အတွေ့အကြုံတွေကို ရေးတဲ့အခါ စာကို အများနားလည်အောင် ကောင်းကောင်းပြောတတ် ရေးတတ်သူတွေ မကြာခန တွေ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ သတ်ပုံကိုတော့ အထာကျအောင် ရေးနိုင်စွမ်းမရှိကြပါဘူး။ သူတို့စာတချို့ဆို ပုံနှိပ်ထုတ်ဝေထိုက်အောင် အရည်အသွေး ရှိကြပါတယ်။ ဥပမာအားဖြင့် Jewel အကောင့်နဲ့ စာရေးတဲ့ ဆေးရုံသန့်ရှင်းရေးအမျိုးသမီးကြီးရဲ့ စာတွေဟာ ရိုးဂုဏ်အပြည့်ရှိတယ်။ လူ့သဘောသ ဘာဝတွေကို ထင်ဟပ်ပြနိုင်တယ်။ သူ့စာတွေကိုသာ ပုံနှိပ်ထုတ်ဝေမယ်ဆိုရင် စာပေဆုတခုခုတောင် ရနိုင်ပါတယ်။ တကယ် ပုံနှိပ်ကြတဲ့အခါ professional proof reader / a good editer နဲ့ သတ်ပုံမှန်အောင် အလွယ်တကူ ပြင်ပေးနိုင်ပါတယ်။ သတ်ပုံမှန်ရေးကိစ္စဟာ ပုံနှိပ်ထုတ်ဝေရေးမှာက အဲဒီလို ထမင်းစားရေ သောက်ကိစ္စပါ။
သတ်ပုံပြင်ဖို့ဆိုတာက ကျင့်သားရပြီးသား စာပြင်ဆရာတိုင်းက အလွယ်တ ကူ "လုပ်"ပေးနိုင်ပါတယ်။ စာကောင်းထွက်ဖို့ ဆိုတာကျတော့ ဘယ်သူကမှ "လုပ်"ပေးလို့မရပါဘူး။
အဆုံးအဖြတ်ပေးနိုင်သော ပညာရှင်ဆိုသူက ခေါင်းမာနေတဲ့အခါ လွယ်သင့်တာတွေ ခက်ကုန်တာပါပဲ။
တို့ နဲ့ ဒို့ ခွဲခြားသတ်မှတ်လိုက်တဲ့အခါ "ဒို့ကျောင်းသား"ဟာ "တို့ကျောင်း သား"လို့ ပြောင်းပေးလိုက်ရပေမယ့် အပြင်မခံတဲ့ နေရာကျတော့ တို့ကြီးငုတ်တုတ် ဒီအတိုင်း လက်ခံလိုက်ရတာ ရှိပါတယ်။ ဘာသာစကားဆိုတာ သတ်မှတ်ချက် သက်သက်ဆိုတာကို နှလုံးသွင်းစေချင်တာပါ။ ပြင်ချင်ရင် ပြင်လို့ ရပါတယ်။ အများလက်ခံရင် အတည်ဖြစ်တာပါပဲ။ စာဟောင်းကြီးတွေမှာ နှစ်လုံး (heart) လို့ ရေးခဲ့ကြသေးတယ်။ နောက်ပိုင်း "နှလုံး"လို့ အသားကျသွားတာပဲလေ။
တစ်နဲ့ တ ပြဿနာဟာ အဆင်ပြေအောင် အခုပြင် အခုရပါတယ်။
⭕️⭕️⭕️⭕️⭕️
By...
ဝင်းမောင် ၊မြန်မာစာ၊
စာပေအထူးပြု
ရန်ကုန်တက္ကသိုလ်
⭕️⭕️⭕️⭕️⭕️⭕️
မှတ်ချက် ။ ။
အခု နမူနာပြထားတဲ့ Photo မှာ
ရခိုင်ဆရာတယောက်က "တစ်ဖန်" လို့ သုံးထားတာ ကို သတိပြုမိပါတယ်။ အဓိပ္ပါယ်က "တစ်ဖန်" ပြီးရင်
"နှစ်ဖန်" လာမယ့်သဘောလား မသိနိုင်ပါ။