Monday, April 13, 2009
ကြောင်ရီချွတ်လင်္ကာ
မိုးသောက်ရောင်နီ
(ကြောင်ရီချွတ်လင်္ကာ)
(၁)
ပြောခါရခိုင်၊ ရွီးခါမြန်မာ
မပီကလာ၊ ပီကလာသည်
ကိုယ့်ဘာသာမိ၊ စာကိုမိလျှက်
မသိတရား၊ လွန်ပွားများ၍
အသိတရား၊ လွန်ခေါင်းပါးသည်
ဖားတပိုင်း ငါးတပိုင်း
ပုံနှိုင်းရမူ၊ ခွီးတူဝက်တူ
ထိုသည်လူလျှင်၊ အယူမှောက်မှား
ပေါက်ကရားတည့်၊ လားလီရာမှာ
မျက်နှာမလှ၊ ဗီဇမပီ
ပဒရီစွပ်၊ ကြောင်ရီဝတ်လို့
အမှတ်သညာ၊ ကိုယ့်စာစကား
ဟိသော်ငြားလည်း၊ အောက်နွားနောက်လိုက်
သူလျှင်ဖြစ်ရ၊ ဘ၀ကျွန်ယုတ်
စစုန်းမြုတ်ကာ၊ ဒုတ်ပိုင်းနောက်ကုန်း
ဘုံးဘုံးကျမှ၊ (အဘာ) ထအော်
ယောက်ဖခေါ်သည်
မပေါ်ဖပျောက်သူလျှောက်တည်း --။
(၂)
ဖပျောက်မပေါ်၊ ယောက်ဖခေါ်သား
သူဖုန်းစားလျှင်၊ စကားပရိယာယ်
အလွန်ကြွယ်ဝ၊ ပြောကတဖုံ
လုပ်တုံတမျိုး၊ သူခိုး၏ဥာဏ်
အကောက်ကြံတတ်၊ ဘောက်ကတတ်လျှင်
ပြောလတ်ပါသည်၊ ရခိုင်ပြည်မှာ
ဇာတာမကောင်း၊ မင်းလောင်းကိုမျှော်
ပင့်ဖိတ်ခေါ်ကတ်၊ ဆွီမျိုးစပ်ပါ
ပီးအပ်နှမ၊ အလှပကို
ရောင်းကြစားကြ၊ ၀မ်းဝမှရာ
ပြည်သာယာမည်၊ လာရာလာလတ်
ပြန်မလွှတ်ပါ၊ ဖြတ်ဖြတ်လူးလူး
စုန်းနတ်ပူးသို့၊ ဦးဖျားထိပ်တင်
လျှောက်ခန်းဝင်သည်
အယင်ဒုန်းပေါက်ဆောက်၏တည်း --။
(၃)
ဒုန်းပေါက်အယင်၊ လျှောက်ခန်းဝင်သည်
ထိပ်တင်လက်မိုး၊ ရှိတော်ခိုးလို့
ငါကျိုးကိုမျှော်၊ ပူဇော်ပသ
ပြည်ဓညမှာ၊ ဖြစ်ကြပါသည်
ငါ့မည်နာမ၊ မာနတက်လျှက်
ငါထက်လည်းသာ၊ မနာဝန်တို
စိတ်ငြင်ငြိုလို့၊ မလိုမုန်းပွား
ရန်ငြိုးထားကာ၊ ခိုက်ရန်ရှာသည်
ဗာလာလူမိုက်၊ နောက်လိုက်အငှား
သူတောင်းစားလျှင်၊ ကောင်းစားပါကြ
ခုကာလ၌၊ ဖြစ်ရဖုံဖုံ
အလုံးစုံကို၊ ပုံတိုပုဒ်စ
ထုတ်ကာပြမည်
ဟုတ်ကမနာကြစီသတည်း --။
(၄)
မနာဟုတ်က၊ ထုတ်ကာပြမည်
ပုဒ်စပုံတို၊ နားထောင်လိုက
လာလတ်ကြပါ၊ ရောဂအနာ
ပျောက်ချမ်းသာအောင်၊ ဆရာသမား
ကုစားသည်သို့၊ ရခိုင်ရို့ကို
ပြောဖို့ဥပမာ၊ လင်္ကာစီကုံး
ကာရံသုံးလို့၊ နှလုံးသာယာ
ဟိစိမ့်ငှာလျှင်၊ ရွီးကာလည်းပြ
ဆိုကာပြမည်၊ ကြောင့်ကြစိတ်ပူ
မငြူစူကဲ့၊ သျှင်လူတကာ
စိတ်ချမ်းသာမှ၊ ဓညာရွှေပြည်
ရပ်ကြီးစည်လိမ့်၊ တေဇာဘုန်းမိုး
ကျက်သရေတိုးလိမ့်၊ အမျိုးသာသနာ
ထွန်းလင်းဖြာလိမ့်၊ ဝေနေယျသတ္တ၀ါ
ဖီးကင်းကွာလိမ့်၊ ဖြစ်စိမ့်သောငှာ
စေတနာသည်
ပြည်ရွာလွတ်မြောက်ရကြောင်းတည်း --။
(၅)
လွတ်မြောက်ပြည်ရွာ၊ စေတနာနှင့်
ပြောခါနားထောင်၊ လက်မထောင်ကဲ့
ထောင်ရေလက်မ၊ အောက်သို့ချလိုက်
မာနတန်းခွန်၊ မိုးထက်ပျံလို့
ဖောက်ပြန်သမှု၊ မပြုကတ်ကဲ့
ပြုသည့်မာန၊ ဖြုတ်လို့ချလိုက်
ဝါဒယှဉ်ပြိုင်၊ ကြီးနိုင်ငယ်ညှင်း
အချင်းချင်းကို၊ လုပ်ခြင်းရက်စက်
အစွယ်ထက်လို့၊ တောဝက်ပိုင်ယှောင်
မာန်မစောင်ကဲ့၊ စောင်သည့်စွယ်မာန်
နောက်ပြန်လှန်လိုက်၊ အပြစ်ကိုမြင်
အယင်ပျင်ကတ်၊ စာမတတ်ကဲ့
ဆိပ်ကျပ်ဆင်ချောင်၊ လူ့ဘောင်လောက
မမျှတလို့၊ ပွပွပူပူ
ကျွက်ကျွက်ဆူရ၊ ပုန်ကန်ကြသည်
ဒုက္ခကြွက်တွင်း နက်ရသတည်း --။
(၆)
ကြွက်တွင်းဒုက္ခ၊ နက်ပါရသည်
စောရငဖျင်း၊ လက်ကြောတင်းနှင့်
မင်းဆိုးမင်းညစ်၊ မှိုက်သရိုက်လျှင်
ဖြစ်ကြတဖုံ၊ မွှီတုံယမ်းကား
ထွားထွားညက်ကြီ၊ စစန့်သီရ
ကာလနာလျှင်၊ ဆိုက်ကြပါကြောင်း
အလောင်းတောင်ပုံ၊ ပုပ်ပွကုန်ကြ
ခွဆုံလမ်းကြား၊ ၀မ်းလျှားမှောက်လဲ
ကွဲပြဲသွီးယို၊ ဗဗြန်းပြို၏
ငိုယိုပြီးလွှား၊ ကျောင်းသားသူငယ်
အရွယ်နုနု၊ သက်ကိုလု၍
ဥပမာမူ၊ ဖုတ်ပူမီးတိုက်
ကုလားတိုက်ကို၊ ကျားဝင်ကိုက်သို့
မိုက်မိုက်မှောင်မှောင်၊ လောင်လောင်ကျွမ်းကျွမ်း
သောင်းကျန်းပြည်ရွာ၊ ပျက်ရပါသည်
မြန်မာမင်းညစ်ဆိုးသောကြောင့် --။
(၇)
မင်းညစ်မြန်မာ၊ ဆိုးသွမ်းပါ၍
ပြည်ရွာမအီး၊ ဒုက္ခဖီးနှင့်
ကပ်ကြီးလည်းဖြစ်၊ ကာလနာလျှင်
ဆိုက်ကြတဖန်၊ ရာဇဒါဏ်ကြောင့်
မှန်ကန်ဖြောင့်မတ်၊ သင့်မြတ်သောသူ
ထိုသည်လူကို၊ ဖမ်းယူသတ်ပုတ်
ချိုင်နှောင်ချုပ်၏၊ မဟုတ်မမှန်
လုပ်ကြံစွပ်စွဲ၊ တရားစွဲ၏
ငရဲမီးတောင်၊ ပေါက်ကွဲယောင်သို့
လှောင်တိုက်ကိုသွင်း၊ နှိပ်စက်ခြင်းကြောင့်
ခြီချင်းတွဲလွဲ၊ ဆင်းရဲမလှ
ခံရထိုထို၊ တချို့ကိုလျှင်
အရှင်လတ်လတ်၊ ကြိုးကွင်းစွပ်၍
သတ်ဖြတ်ယုတ်မာ၊ လုပ်ကြပါသည်
ကြမ်းကြုတ်ဖရုဿာ ၀ါသနာတည်း --။
(၈)
ကြမ်းကြုတ်ဖရုဿာ၊ ၀ါသနာကြောင့်
ပြည်ရွာပျက်ကျ၊ ပုန်ကန်ကြ၏ --။
ထကြသူပုန်၊ အလုံးစုံတည့်
အကုန်သူငါ၊ တော်လှန်ပါ၏ --။
ပြည်ရွာအတွင်း၊ မကြွင်းသျှင်လူ
ဆူပူအုံကြွ၊ ဆန္ဒပြ၏ --။
မျောက်မ၀င်စား၊ ဗိုလ်ချုပ်များလျှင်
ဘုရားပလ္လင်၊ တက်လျှင်းပင်တည့်
ဖင်ကိုကွကွ၊ လှန်ကာပြ၏ --။
အသရေယုတ်၊ အရုပ်ဆိုးဆိုး
ပုတ်သိုးနံစော်၊ ရွံစရာတည့် --။
(သို့ပါသော်ကြောင့်)
ယှောင်ခွာဝီးဝီး --
ဖီးလွတ်ရာကို၊ ခိုကာပြီးလို့
ရွီးသားလင်္ကာ၊ စီကုံးပါသည်
မှန်စွာ ကြောင်ရီကျွတ်အံ့သတည်း --။
(၉)
ကြောင်ရီမှန်စွာ၊ ကျွတ်အံ့ရာတွက်
ရာဇ၀င်မှာ၊ ဖြစ်ပါလာသော
အရာများကို၊ တိုတိုတုတ်တုတ်
ဆိုကာနှုတ်လို့၊ အကျွန်ုပ်လျှင်
တင်ပြပါမည်၊ ရှိဝယ်အယင်
လောင်းကြက်တွင်ထ၊ ထိုပြည်မကို
ရလိုချင်ဇော၊ လောဘအားဖြင့်
စော်ကားရန်မူ၊ မြန်ဟူခေါ်ထ
အင်းဝသမုဒ်၊ ဇနပုဒ်က
အယုတ်မင်းခေါင်၊ လက်မထောင်လို့
ခေါင်ပုတ်ပမာ၊ ခိုးကာလာလျှက်
ပြည်ရွာသိမ်းဖျက်၊ ဖြိုလုယက်၍
မြို့ပျက်တခါ၊ ကြုံခပါ၏ --။
အရာတခေါက်၊ မြို့မြောက်ဦးမှာ
ငကောက်ငကိုင်း၊ ငလ၀ိုင်းက
ရိုင်းစိုင်းသမှု၊ ပြည်ကိုလုလို့
တုပယှဉ်ပြိုင်၊ အနိုင်လိုငြား
ပိုင်လိုအားဖြင့်၊ ပိုင်းခြားပုန်ကန်
တိုက်ဖျက်ပြန်သည်
အကြံယုတ်စွ ပုပ်ပွသတည်း --။
(၁၀)
ယုတ်စွအကြံ၊ ရခိုင်မှန်လျှင်
အရှင်လတ်လတ်၊ ထူးခတ်သုတ်သင်
ကားစင်တင်၏ --။
နီဝင်မိုးချုပ်၊ အမျိုးပြုတ်အောင်
ကြိုးတုတ်နှောင်၍၊ လက်ပေါင်ကိုခွတ်
ဂေါင်းကိုဖြတ်လျှက်၊ သတ်ကြတသွယ်
မြစ်ပင်လယ်မှာ၊ ပစ်ချပေ၏ --။
အချေသူငယ်၊ အစိတ်ကေဆို
ခြီကိုကိုင်မြှောက်၊ ထုတ်ချင်းပေါက်အောင်
ဒါးထောက်ဝါးချွန်၊ ထိုးသတ်ပြန်၏ --။
ကျန်လူမိမ္မ၊ အလှပကို
ကျင့်ကြမုဒိန်း၊ သွီးစိမ်းရှင်ရှင်
အမြင်မကောင်း၊ ဖင်ဟောင်းလောင်းနှင့်
အလောင်းကိုလျှင်၊ ရင်ကိုလည်းခွဲ
အထဲကိုယ်ဝန်၊ မှောက်ကာသွန်လျှက်
မကျန်အငုတ်၊ နိဂုဏ်းချုပ်သည်
မျိုးပြုတ်အစိုင်တုံးအံ့သတည်း --။
(၁၁)
အစိုင်မျိုးပြုတ်၊ အချုပ်နိဂုဏ်း
မဆုံးသိမ့်ပါ၊ တောရွာပန်ဇင်း
လာခြင်းမကောင်း၊ ဖင်ခေါင်းဦးနု
စိုးပြုမှောင်မိုက်၊ ဖဆပလခေတ်တွင်
စစ်တပ်မြန်မာ၊ ပစ်ခတ်ပါသည်
တရွာလုံးကျွတ်၊ အပုတ်ပြတ်တည့် --။
နောက်ထပ်စစ်တွေ၊ ဆယ်သုံးသြဂုတ်
ဖားပြုတ်နေ၀င်း၊ စီမံခြင်းကြောင့်
ထမင်းငတ်ရ၊ ၀မ်းမ၀သော
ဓည၀တီ၊ ဝေသာလီဖွား
ရခိုင်သားကို၊ ကျားထိုးသေနပ်
လက်စသပ်၏ --။
မှတ်ကြရခိုင်၊ ကုလားထိုင်မွတ်
အောက်ခြီလွတ်သည်
သီကတ်အကောင် ရောင်ရောင်တည်း --။
(၁၂)
အကောင်သီကတ်၊ ခြီကိုခွတ်၍
မပြတ်တော်လှန်၊ ပုန်ကန်ပါသည်
ဦးစွာမိုးလင်း၊ စယင်းလူစု
အံကိုတုလို့၊ လူထုထောက်ခံ
လက်ခုပ်သံနှင့်၊ တဖန်စံကျော်ထွန်း
စခန်းထူထောင်၊ အောင်လံလွှင့်လွှင့်
ရွက်ကိုဖွင့်၏ --။
သို့ဖြင့်ချီတက်၊ အသက်ရာသီ
မကျီအခဲ၊ ရဲရဲတောက်လောင်
သွီးမီးတောင်နှင့်၊ အကောင်တီဖြစ်
ရိုးတွန်ရစ်၏ --။
အသစ်ရာဇာ၊ ဆက်ခံလာသည်
လူရာသီလား၊ သူကားမသီ
အာဇာနီတည့် --။
ဤမြီဤသို့၊ လွတ်ဖို့ကြံစဉ်
သံယောဇဉ်ကြောင့်၊ မယိုင်မလဲ
(ခိုင်ခိုင်မြဲ) သည်
အောင်ပွဲဆက်ကာ ခံလိမ့်သတည်း --။
(၁၃)
ဆက်ကာအောင်ပွဲ၊ ခြိမ့်ခြိမ့်သဲလိမ့်
အမြဲမစံ၊ လောကဓံကြောင့်
အမှန်မုက္ချ၊ သူရို့ကျအံ့၊
ဓည၀တီ၊ သိင်ဂီရွှေပြည်
အောင်စည်အောင်မောင်း၊ သောင်းသောင်းညံညံ
သံပြိုင်အမြောက် ပေါက်လတ္တံ --။
ဝံလက်ဓိဌာန်၊ တောင်ဖံညီညာ၊ အောင်လံချီလာ ရောက်လတ္တံ --။
ပျံတက်ဗိမာန်၊ တောင်ယံတိမ်သာ၊ ရောင်လျှံထိန်ဝါ တောက်လတ္တံ--။
(Light In The Sky)
(ကြောင်ရီချွတ်လင်္ကာ)
ခရစ်သက္ကရာဇ် (၂၀၀၅) ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ ဗုဒ္ဓူးနိ ရွီးပြည့်စုံသည်။
နိဗ္ဗာန ပစ္စယော ဟောတု။
မောင်ပေါက်
(ရခိုင်ပြည်)
ပဒရီစွပ်၊ ကြောင်ရီဝတ်လျှင်
သီကတ်အယင်ထိုခါတည်း --။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment