Saturday, July 11, 2026

သာလှဦး၏လတ်တလောကဗျာများ (May, June, 2026) (နှင့်) အမှတ်တရကဗျာများ အပိုင်း (၂)



သာလှဦး၏လတ်တလောကဗျာများ (May, June, 2026) (နှင့်) အမှတ်တရကဗျာများ အပိုင်း (၂)

(16) ပဟေဠိ
=============
(17) ပျိုးနှုတ်ကောက်စိုက် ချစ်လည်းချစ်
=============================
(18) ပေါ်မလာပါသောကြောင့်လည်း
===========================
(19) ကောင်းမှုအနုမောဓနာခေါ်စီသောဝ်လည်း
================================
(20) ပြည်ကြီးရခိုင်
================
(21) ဖိုလ်ဝင်နိဗ္ဗာန်ရကြောင်းတည်း
==========================
(22) မော်ကွန်းစဉ်လာ
==================
(23) ညိုမှည့်သီး
================
(24) ကြောင်ရီဝတ်
=================
(25) မိုးသောက်ရောင်နီ (ကြောင်ရီချွတ်လင်္ကာ)
===========================

ပဟေဠိ
======

ပြုံးသိပြုံးသွင်
သူ့ပါးပြင်
မမြင်တချက် မြင်တချက်။

မိုးရိပ်အုံးကာ
မှိုင်းညို့လာ
မရွာတချက် ရွာတချက်။

အချစ်ပုစ္ဆာ
ကျမ်းဋီကာ
ကဗျာပန်းခက် စာညွှန်းခက်။

အောင်သာလှ (နတ်ဆိပ်)
June 19, 2026 (Friday)

ပျိုးနှုတ်ကောက်စိုက် ချစ်လည်းချစ်
========================

လယ်ကွင်းပြင်မှာ
လီရွှင်ကေသွတ်သွတ်
မိုးစွတ်စွတ်
ပျိုးစိုက်ကတ်တေ။

တန်းလို့စီကေ
ညီညီညွတ်ညွတ်
ဒရစပ်ကေ
မရပ်မနား
ပျိုးစိုက်သားလေ။

လက်ခြီညောင်းလို့
မွန်းတည့်ချိန်လေ နီမစောင်းခင်
ချောင်းကမ်းစပ်မှာ
ထမင်းမွတ်ကေ
သဘောက်ဖျာကို ဖြန့်ပျာခင်းလို့
စားကတ်တေ။

ငစရိုင့်ကို ချဉ်ပေါက်ပေါက်နှင့်
သောက်ဆမ်းလည်းလုပ်
ခရမ်းသီးကို မီးနှင့်ဖုတ်။

ငရုပ်သီး ငပိထောင်း
ကကောင်းကောင်းရေ။

အနားချေမှာ ပါးလဝိုက်နှင့်
အချစ်ပုယေ
ဆံစညို အပျိုမချေ။

မောင်ကြီးဆို အလိုလိုက်
ကြိုက်မိရေ။

သာလှဦး (မြောက်ဦး)
June 17, 2026 (ဗုဒ္ဓူးနိ)

ပေါ်မလာပါသောကြောင့်လည်း
================

ကံကြမ္မာသည်
ရှိရီစက်အကျိုးဆက်ကြောင့်
မလိုဘဲလျှက်
ခွဲခွာရသည်
လောကဓမ္မတာတည်း။

ပြည်ရွာတခြား
လားခသည်ကြောင်းခြင်းရာကြောင့်
သီလားရှင်လား
သတင်းလည်းမကြားပါ။

စာမလာသည်
နှစ်ပေါင်းများစွာကြာ၏။

ဖားကန့်မှာလား ထိုင်းမှာလားသည်
မလေးသျှားမှာ
ဇောင်လည်းကြားရပါ၏။

အိမ်မှာလည်း
ဟိသမျှဝန်
ပေါင်နှံရောင်းစားပါ၍
တစိလည်းမကျန်ပါ။

အိမ်တလုံးရာ
အခွံကျန်၏။

သားကြီးလည်း
မယားမယူပါသိမ့်။

မေထွီးလည်း
မပူမဆာ လိမ်လိမ်မာမာ
အိမ်မှာတတူနီကြပါ၏။

မိခင်နားက
တဖဝါးမကွာပါသည်
အလွန်ချစ်ကြပါသည်တည်းလည်း။

မေကြီးလည်း ခန္ဓာမကောင်း
ကုတင်ထက်မှာ လဲကာလျောင်းလျှက်
ထောင်းထောင်းညက်ကြီ
နီရပါ၏။

ကောင်းဖို့လည်းမမြင်ပါ
မသက်သာသည်
ရောဂါရလျှက်
ညှိုးပိန်ကျလျှက်ပေတည်း။

သောကပူပင် ညော၍ညင်သည်
မေလျှင်ရင်ကြီးကျိုး၍
အလွန်ဆိုးသည်
ကိုးမိုးကိုးနီကြာ၏။

မိုးလည်းထိုခါ
တိုး၍ရွာသည်
ထိန့်ကြိုးအော်မြည်ကာတည်း
အိပ်၍လည်းမပျော်ပါ
တစက်မျှ မစက်ပါသည်
ညည့်နက်သိုင်ခေါင်မှာ၌
တယောက်တည်း ထယောင်ပါ၏။

တောကြက်တွန်၍
မိုးသောက်ယံ ပြန်နိုးသောခါ
ကိုင်းဖျားအထက်မှာသည်
တကူကူလျှင် ဂြိုးကြူလာ၍
အပူသည်လွန်ဆကဲ
မေဝမ်းနည်းသည်
ကူမည့်သူမဟိပါတည်းလည်း။
အိမ်ကခွီးချေဟောင်တိုင်း
မောင်ပြန်လာယာလား
စောင့်စားမျှော်ရပါသည်
ပေါ်မလာပါသောကြောင့်လည်း။

သာလှဧူး (မြောက်ဧူး)
June 18, 2026 (Thursday)

ကောင်းမှုအနုမောဓနာခေါ်စီသောဝ်လည်း
===========================

လပရောင်လေ
လရောင်အီးအီး
ရွှီမင်းဂံလေ ကန်တော်ကြီးမှာ
မွှီးကြိုင်စွာလေ
ရွှီကြာပွင့်လန်း
ချမ်းအီးသာစွ ပဏာရလည်း။

ဤဘဒ္ဒကမ္ဘာမှာ၌
ကြာလျှင်အပါး ဘုရားငါးဆူ
ပွင့်တော်မူအံ့။

စတုတ္ထသည် ဗုဒ္ဓလွန်ပြီးသည်နောက်
အရိမိတ္တေယျသည်
ရောက်မည်မှန်ပေသည်တည်း။

နားဟိသောသူ ဟူလျှင်မူကား
ကြားစီသောဝ်လည်း။

မြတ်ဘုရားကြွချီလာသည်
ကုမုဒြာ ပဒုံမာသည်ရွှီကြာပန်း
ပွင့်လန်းသည်သို့လည်း။

မိုးလည်းရတနာ သွန်းဖြိုးရွာ၍
တရားဘာဝနာ
မေတ္တာထားကြပါသောကြောင့်
အာဃာတသည်အပူမီး
ကုန်ချုပ်ငြိမ်းလျှက်
တိုင်းမြို့ပြည်ရွာ အီးချမ်းပါသည်
ဖီးရန်ဝီးကွာပါ၏လည်း။

ဖီးရန်ဝီးကွာ အီးချမ်းပါသည်ယင်းခါတွင်
သုံးဆယ့်သျှစ်ဖြာ မင်္ဂလာသည်
ထိန်ဝါလင်းရောင်ဖြာ၍
ပန်းနှယ်မွှီးကြိုင်ပါသား။

တရားမွိလျှော်ရာ
ဘုရားကျောင်းကန်မှာလည်း
လွန်စည်ကားလျှက်
ဗောဓိပလ္လင် ဗောဇ္ဈင်တရား
အဘိဉာဏ်ကေ ဈာန်ငါးပါးနှင့်
စံစားမှန်စွာ ရဟန္တာလျှင်
ထွန်းပေါ်လတ်ပြန်ပါ၍
ဝေနေယျသည်သတ္တဝါအပေါင်း
ချမ်းသာကြောင်းသည်
ကောင်းမှုအနုမောဓနာခေါ်စီသောဝ်လည်း။

သာလှဦး (မြောက်ဦး)
June 15, 2026 (တလင်္လာနိ)

ပြည်ကြီးရခိုင်
========

ရက္ခပူရီ၊ တိုင်းဌာနီကား
ရီကြိုင်မြမြ၊ ကစ္ဆပနှင့်
စိမ်းမြညိုရောင်၊ ရိုးမတောင်နှင့်
ကမ်းမြောင်ရှည်စွာ၊ ပင်လယ်ပြာနှင့်
ရောင်ဝါသွယ်ဖြာ၊ သာသနာနှင့်
စိုင်လာသမိုင်း၊ ဤတိုင်းနိုင်ငံ
နက်သန်ဘုမ္မိ၊ ရာဇဝင်ဟိ၏ --။

ရက္ခပူရီ၊ ဤသည်နိုင်ငံ
အောင်လံဝင့်ဝင့်၊ ထီးဖွင့်နန်းတည်
ပိတောက်စည်နှင့်၊ နယ်ပြည်သမုဒ်
အချုပ်အချာ၊ အာဏာပိုင်စိုး
မြင်းမျိုးသိန္ဓဝ၊ ကေသရာဇာ
ဗျာလပဉ္စရူ၊ ဆင်ဖြူဆင်နီ
သက်သီသာဓက၊ သင်္ဂေတနှင့် --။

ရက္ခပူရီ၊ ဤမြီဇာတိ
သီရိမဟာ၊ ရာဇာသွီးရင်း
မြတ်ခြင်းသီလ၊ စောင့်ထမျိုးရိုး
ထိန့်ကြိုးငလျင်၊ ပဲ့တင်ဟိန်းဟိန်း
ဗြိန်းစောင်းသံပြိုင်၊ စည်တော်မြိုင်နှင့်
ရခိုင်သားသွီး၊ ထိန်ထိန်ညီးသည်
ဘုန်းမီးနီလတောက်ထွန်းတည်း --။ ။

(နရသီဟ)

ဖိုလ်ဝင်နိဗ္ဗာန်ရကြောင်းတည်း
==================

မာရယုလျှင် ပြုလီကျင်၍
ယခုတွင်သည် ရခိုင်မျိုး
လူထိပ်မိုးသည် တန်းခိုးအဏာလွန်ကြီးစွာ၏။

စန္ဒသူရိယမင်းစိုးစဉ်ခါ၌
မြတ်ဘုရားဆင်းကြွလာသည်
သသနာရောင်ဝါ မီးနှယ်ဖြာ၍
နိမပြတ်သည် အလှူဒါနဝတ်နှင့်
နတ်ပြည်တမျှသာတည်း။

များစွာသည်အိမ်ခြီပေါင်း
သောင်းတွင်းမဏ္ဍိုင် ပြည်ရခိုင်မှာ
ပြိုင်းသေတိုင်ကြီးထောင်၍
ကြိုင်ကြိုင်မွှီးသည်ပန်းမဉ္ဇူ
တင်းခွန်တလူလူနှင့် ဇမ္ဗူသည်ပေါ်ထင်ရှား
ကမ္ဘာကျော်နှမ့်ကြား၏။

ဝေသာလိသည် မြို့မရွှီပြည်သာ၌
သိန်းခိုပြည်က ထေရ်ရတထောင်
ပင့်ဆောင်ခေါ်ဖိတ်ကျွေး၍
လှူပွဲကျင့်ပ ကိုယ့်ပြည်မက ထေရ်ရတထောင်
ပေါင်းနှစ်ထောင်သည် ဦးဆောင်သင်္ဂါယနာတင်၍
ထူလတွင်သည်စန္ဒြား လူထွဋ်ဖျားသည်
ကြီးစွာဒါနပြု၏၊

ကြီးရွီချပ်ပြား ရွှီငွေများနှင့်
ကျောက်သားအက္ခရာတင်ပြီးခါသော်
မဏ္ဍိုင်စိုက်ထူ မတ်မတ်လူသည်
ကမ္ဘာထိန့်ထိန့်ဆူ၏။
ပျော်ရွှင်သည်တသောင်းသောင်း
ပတ်သာဗုံမောင်းတီး၍
ထီးနန်းစိုးစံ ဘိက်သိက်ခံသည်
မှန်စွာနတ်လူ ကြည်ဖြူသထာ၏လည်း။

သားတော်သိရိစန္ဒြား ဘရိပ်ရာကို ခိုလှုံငြားကာ
နန်းရိုးဆက်ခံလာသည်
အမှုကိစ္စအဝဝကို ကုန်အောင်ပြီးစီးလုပ်၍
ဇေတဝန်ကျောင်းကြီးဆောက်ကာ
ဒါနအလှူ ပီးတော်မူသည်
နတ်လူသထာ၏လည်း။

ဒါနအလှူ ပီးတော်မူသည်ယင်းခါတွင်
သီလ ဘာဝနာ ဝိပဿနာ
လောကီလောကုတ္တရာ အဖြာဖြာ
ကြီးစွာကြိုးကုတ် ပြီးစီးလုပ်အောင်မြင်သည်
အကြင်ပြည်သူ သျှင်လူရဟန်း ကျွတ်တမ်းဝင်ကာ
ဈာန်သမာဓိ ဉာဏ်ဗောဓိ
နိဗ္ဗာန်ချမ်းသာရောက်ရပါလီ၏လည်း။

(ကောင်းကျော်ဖြူ)
1st January, 2024 (Monday)(တလင်္လာနိ)(ရခိုင့်တော်လှန်ရီးနိ)
ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား။

မော်ကွန်းစဉ်လာ
===========

ကမ္ဘာဦးစ ပထမ၌
စစရာရာ အာကာကောင်းခင်
အမှောင်ပင်တည်း။

အမှောင်တွင်၌ ရီလျှင်ဖြစ်၍
ရီ၏သဘာဝ လှုပ်ထဘောင်ဘင်
ခတ်လီကျင်သော် အမှောင်တွင်၌
မီးလျှင်ဖြစ်၍ လျပ်စစ်ပေါ်လာ
ထိုအခါတွင် စက္ကြာဝဠာတခွင်
အလင်းမြင်၏။

အလင်းမြင်ခါ မိုးလည်းရွာ၏
ကမ္ဘာအစ ကာလပဋိသန္ဓေ
စ၍တည်ကာ ဖြစ်ပေါ်လာပြီး
မြီကြီးပထဝီ မီးရီလီထု
လေးခုပရမတ် ဓါတ်ပေါင်းစပ်သော်
သတ္တဝါဟု စပြုပေါ်လာ
ကမ္ဘာဦးလူ ဖြစ်လိမ့်ဟူ၏။

ထို့တူတဖန် တိရိစ္ဆာန်အများ
တွားလားပျံကူး တထူးထွေလာ
ဆန်းပြားစွာပင် ဖြစ်လတ်ကျင်ပြီး
အသီးသီးလျှင် မြီကြီးအနှမ့်
ပြန့်နှမ့်ပေါက်ပွား လည်လှည့်စားသည်
ဤကားအစပဏာမတည်း။

ကာလရှည်စွာ ကြာသောကာလ
မြို့ပြပြည်ရွာ တည်ထောင်လာပြီး
မှုးကြီးမတ်ကြီး ရာဇာထီးနန်း
စိုးစံမြန်း၍ ထွန်းကားလူ့ဘောင်
ထူထောင်ထွန်းသစ် သက္ကရာဇ်တွက်ရွီ
ရာထောင်ချီကြာ သောအခါတွင်
ရာဇဝင်ဟု မှတ်တမ်းပြု၍
အမှုအက္ခရာ စာဟူထပ်လောင်း
ပေါ်ထွန်းကောင်းသည်
အပေါင်းလက္ခဏာ အခရာတည်း။

ကျောက်တွင်ရွီးခြစ် ပီတွင်ခြစ်၍
သက္ကရာဇ်ဟု အနှစ်များစွာ
ရှည်ကြာသက်တမ်း ကိန်းဂဏန်းနှင့်
ဆန်းကျမ်းလင်္ကာ ဂါထာမန္တရား
ဆီးဝါးဗေဒင် ရာဇဝင်ဟု
မှတ်တမ်းပြု၍ မနုဓမ္မသတ်
ပညတ်ဥပဒေ အရှည်တည်လတ်
အုပ်စည်းကြပ်ပြီး အမြတ်အယုတ်
သမုဒ်ခေါ်တွင် ဇတ်ဟူထင်ရှား
ကွဲပြားလာဘိ ခတ္တိယ ဗြဟ္မဏ
ဝေဿဂေါတ္တ ဒလိတ္တဂေါတ္တ
စတ္တစတု လေးခုစိတ်ဖြာ
သက်ဆင်းလာသည်
ရာဇာသက္ကဋကျမ်း၌ပြ၏။

ဗြဟ္မီအက္ခရာ သက္ကဋပါဠိ
ပိဋကဝေဒ နက္ခတ္တဗေဒင်
အမြင်ဟူးရား ဆီးဝါးမန္တာ
အဌာရသ ကဏ္ဍအကျယ်
တဆယ်သျှစ်ရပ် တတ်ငြားကျီပွန်
ဒါးခွတ်လှံထိုး စက်ကြိုးယန္တယား
ရထားမြင်းဆင် စစ်ဆင်စစ်ဆုတ်
ဥပါယ်တမျှင် အလျင်အမြန်
ဉာဏ်ရေးကြွယ်ဝ သေနင်္ဂနှင့်
ရာဇာတိက္ကမ စသည်အပြား
ဆယ်ပါးသိက္ခာ စဉ်လာနွယ်ရိုး
ပိုင်အုပ်စိုးသည်
တန်းခိုးအာဏာထွန်း၏တည်း။

တန်းခိုးထွန်းပ အဇ္ဇုနလျှင်
ပြည်မယှောင်ခွာ ရောက်လာထပြီး
သက္ကျနွယ်ရိုး သက်အမျိုးနှင့်
အကျိုးရီစက် နှစ်သက်ကြည်ဖြူ
အတူယှဉ်မှီး ပေါင်းပြီးခါသော်
မာရယုဟု ခေါ်ပြုတွင်မှတ်
သားတော်မြတ်ကို ဖွားလတ်ခါတုံ
တေဇာကြီးထု မာရယုလျှင်
စစ်ပြုထန်ပြင်း ရန်ကိုခွင်းသည်
သောင်းတွင်းမဏ္ဍိုင်မိုး၏တည်း။

မင်းမာရယု အစပြု၍
ဓညဝတီ နဒီမြစ်မ
ကစ္ဆပ၏ အရှိအနောက်
တောင်မြောက်ဝန်းကျင်
တောင်ခွင်တောင်ရိုး ကိုးဆယ့်ကိုးမြို့
ရှိသို့လည်းကောင်း နောက်လည်းကောင်းဟု
အပေါင်းများစွာ နှစ်ရှည်ကြာမြင့်
ကန်ရီပြင်မှာ ကြာလျှင်ပွင့်သို့
တင့်တင့်တယ်တယ် စည်စည်ကားကား
လွန်ထင်ရှား၏။

စပါးဆန်ရီ ပုတ်ရိုင်ကျီပြည့်
မျှော်ကြည့်မဆုံး ရွှီရောင်ဖုံးလွှမ်း
ပန်းဂေါ်သဇင် နန်းတော်ဝင်နှင့်
ဂုဏ်အင်ကြီးမြတ် အထွဋ်ထိပ်မိုး
တန်းခိုးထင်ပေါ် မြတ်သျှင်ကျော်နှင့်
ဓါတ်တော်မွီတော် ဖူးမျှော်ကြည်နူး
ပျံ့ပျူးသာယာ ဧကဗျာနှင့်
လင်္ကာကျူးဖွဲ့ ဓလေ့ရိုးရာ
စိုင်လာမပျက် အဆက်ဆက်တည့်
လက်ကမ်းယူဆောင် ရွှန်းရွှန်းပြောင်သည်
အခေါင်ထွဋ်ထိပ်မြင့်၏တည်း။

ဒါနသီလ ပရိစာဂ မုဒုက ဥပေါသထ
အက္ကောဓ အဝိရောဓ
အဝိဟိံသန ခန္ထီ သမ္မာပဋိပန္န
ရာဇာစိုးရ စိုးအုပ်ထပြီး
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြဌာန်းနှင့်
ရဟန်းသျှင်လူ ပြည်သူပြည်သား
လူအများလည်း တရားဓမ္မ
အဆုံးမနှင့် လောကလောကီ
နှစ်လီအကျိုး သယ်ပိုးရွက်ဆောင်
ဂုဏ်ထွန်းပြောင်သည်
အောင်စည်အောင်မောင်းခတ်တီးတည်း။

(နရဟီဟ)
1st January, 2024 (Monday)(တလင်္လာနိ)(ရခိုင့်တော်လှန်ရီးနိ)

ညိုမှည့်သီး
=========

အလှမ်းမဝီး
ရွှမ်းလို့ချို ညိုမှည့်သီး။

နီးကနီးလျှက်
ကျီးကဖျက်။

ကျီးငှက်က တရွီနှစ်ရွီ
ကိုင်းအခက်မှာ တန်းလို့စီ။

တက်ခီတက်ခီ
မောင်တက်ခီ
အပင်ထက်ကို မောင်တက်ခီ
လက်ခြီပင်ပန်း
လက်တကမ်း လှမ်းမမှီ။

အလုံးကြီးကြီး
သရက်သီး
သရက်သီးကြီး ဝင်းလို့နီ
လီလျှင်ပြင်းကေ
ပင်ခြီရင်းမှာ ဆင်းလို့ကြွီ။

ကောက်ခီကောက်ခီ
မောင်ကောက်ခီ
မဓုရတာ အရသာလေ
သကာပျား စားလို့ခြီ။

ကိုယ်ခြီ လီမဖြစ်
အသီးကိုကိုက် ကျီးကိုလိုက်
အလုံးကြီးကြီး
သရက်သီးကို မောင်ကြီးကြိုက်။

သာလှဦး (မြောက်ဦး)
June 23, 2026 (Tuesday)

ကြောင်ရီဝတ်
==========

အခါတပါးဝယ်၌
ဝေသာလီလျှင် တိုင်းဓညရွှီပြည်သာ၌
ရွာသူကြီးလျှင်
သူဌီးမင်း၏အိမ်အတွင်းဝယ်
ချစ်ကြင်သည်ဖြစ်
ခွီးနှင့်ကြောင်လျှင် နှစ်ကောင်လုံးကို
မွီးစပ်သည်ဖြစ်လည်း။

ခွီးနှင့်ကြောင်
တကောင်နှင့်တကောင်
ခွီးလည်းမဟောင် ကြောင်လည်းမကိုက်
အလွန်ချစ်သည်ဖြစ်လည်း။

ခွီးကားလိမ္မာ ပညာဟိသည်ဖြစ်
အိမ်သျှင်အကြိုက် အလိုလိုက်
အိမ်သျှင်နား အပါးဝယ်၌
ခစားသည်ဖြစ်လည်း။

ကြောင်ကားမလိမ္မာ
ခြစ်ရန်ရှာကေ
အိမ်သျှင်ရာလည်းမကြိုက်
ကြွက်ဖမ်းစား ကြောင်အားလျှင်
အိမ်ကနှင်သည်ဖြစ်လည်း။

အဝေမိတ်ဆွေ ခွီးသူငယ်
ငါ့ကိုအား သနားပါလျှင်
ခွီးရီတထည် ငှါးပါလင့်လေ။

ခွီးချေလျှင် ကြောင်ဆင်းရဲသား
သနားသည်ဖြစ်
ခွီးရီတထည် ငှါးသည်ဖြစ်လည်း။

နှစ်များမကြာ
ကြောင်လျှင်ချမ်းသာ ရွာပြန်လာသော်
ကြောင်ရီတထည် ခွီးသူငယ်အား
ပီးသည်ဖြစ်လည်း။

ကြောင်ရီဝတ်၍ လှီကရင်းမှာ
ဝပ်လျှက်နီကျင်
ခွီးသူငယ်ကို အိမ်သျှင်မြင်သော်
အမြင်ကပ်ကပ် ခြီထောက်နှင့်လျှင်
ကျောက်ကန်လွှတ်သည်ဖြစ်လည်း။

"ကြောင်ရီဝတ်" ကို
မှတ်သားမယေကောင်းစွာ မြန်မာများက
"ခွေးဝဲစား" ဟု ခေါ်ငြားတုံပါသော်လည်း
ရခိုင်သားမှာမူကား မခြားတွင်မှတ်
"ကြောင်ရီဝတ်" ဟု မချွတ်မှန်စွာ
ခေါ်အပ်ရာတည်း။

ကြောင်ရီဝတ်ကို မချွတ်မှန်စွာ
ဝတ်၍လာသည်
ဆရာမျက်နှာ ဖုံပြာပြာတည်း။

သာလှဧူး (မြောက်ဧူး)
June 21, 2026 (တလင်္ဂုနီနိ)

မိုးသောက်ရောင်နီ (ကြောင်ရီချွတ်လင်္ကာ)
(LIGHT IN THE SKY)

(၁)
ပြောခါရခိုင် ရွီးခါမြန်မာ
မပီကလာ ပီကလာသည်
ကိုယ့်ဘာသာမိ စာကိုမိလျှက်
မသိတရား လွန်ပွားများ၍
အသိတရား လွန်ခေါင်းပါးသည်
ဖားတပိုင်း ငါးတပိုင်း
ပုံနှိုင်းရမူ ခွီးတူ၀က်တူ
ထိုသည်လူလျှင် အယူမှောက်မှား
ပေါက်ကရားတည်း လားလီရာမှာ
မျက်နှာမလှ ဗီဇမပီ
ပဒရီစွပ် ကြောင်ရီ၀တ်လျှက်
အမှတ်သညာ ကိုယ့်စာစကား
ဟိသော်ငြားလည်း အောက်နွားနောက်လိုက်
သူလျှင်ဖြစ်ရ ဘ၀ကျွန်ယုတ်
စုန်းစုန်းမြုတ်ကာ ဒုတ်ပိုင်းနောက်ကုန်း
ဘုန်းဘုန်းကျမှ အဘာထအော်
ယောက်ဖခေါ်သည်
မပေါ်ဖပျောက်သူလျှောက်တည်း --။

(၂)
ဖပျောက်မပေါ် ယောက်ဖခေါ်သား
သူဖုန်းစားလျှက် စကားပရိယာယ်
အလွန်ကြွယ်၀ ပြောကတဖုံ
လုပ်တုံတမျိုး သူခိုး၏ဉာဏ်
အကောက်ကြံတတ် ဘောက်ကတတ်လျှင်
ပြောလတ်ပါသည် ရခိုင်ပြည်မှာ
ဇာတာမကောင်း မင်းလောင်းကိုမျှော်
ပင့်ဖိတ်ခေါ်ကတ် ဆွီမျိုးစပ်ပါ
ပီးအပ်နှမ အလှပကို
ရောင်းကြစားကြ ၀မ်း၀မှရာ
ပြည်သာယာမည် လာရာလာလတ်
ပြန်မလွှတ်ပါ ဖြတ်ဖြတ်လူးလူး
စုန်းနတ်ပူးသို့ ဦးဖျားထိပ်တင်
လျှောက်ခန်း၀င်သည်
အယင်ဒုန်းပေါက်ဆောက်၏တည်း --။

(၃)
ဒုန်းပေါက်အယင် လျှောက်ခန်း၀င်သည်
ထိပ်တင်လက်မိုး ရှိတော်ခိုးလို့
ငါကျိုးကိုမျှော် ပူဇော်ပသ
ပြည်ဓညမှာ ဖြစ်ကြပါသည်
ငါ့မည်နာမ မာနတက်လျှက်
ငါထက်လည်းသာ မနာ၀န်တို
စိတ်ငြင်ငြိုလို့ မလိုမုန်းပွား
ရန်ငြိုးထားကာ ခိုက်ရန်ရှာသည်
ဗာလာလူမိုက် နောက်လိုက်အငှား
သူတောင်းစားလျှင် ကောင်းစားပါကြ
ခုကာလ၌ ဖြစ်ကြဖုံဖုံ
အလုံးစုံကို ပုံတိုပုဒ်စ
ထုတ်ကာပြမည်
ဟုတ်ကမနာကြစီသတည်း --။

(၄)
မနာဟုတ်က ထုတ်ကာပြမည်
ပုဒ်စပုံတို နားထောင်လိုက
လာလတ်ကြပါ ရောဂအနာ
ပျောက်ချမ်းသာအောင် ဆရာသမား
ကုစားသည်သို့ ရခိုင်ရို့ကို
ပြောဖို့ဥပမာ လင်္ကာစီကုံး
ကာရန်သုံးလို့ နှလုံးသာယာ
ဟိစိမ့်ငှာလျှင် ရွီးကာလည်းပြ
ဆိုကာပြမည် ကြောင့်ကြစိတ်ပူ
မငြူစူကဲ့ သျှင်လူတကာ
စိတ်ချမ်းသာမှ ဓညာရွှေပြည်
ရပ်ကြီးစည်လိမ့် တေဇာဘုန်းမိုး
ကြက်သရေတိုးလိမ့် အမျိုးဘာသာ
ထွန်းလင်းဖြာလိမ့် ဝေနေယျသတ္တဝါ
ဖီးကင်းကွာလိမ့် ဖြစ်စိမ့်သောငှာ
စေတနာသည်
ပြည်ရွာလွတ်မြောက်ရကြောင်းတည်း --။

(၅)
လွတ်မြောက်ပြည်ရွာ စေတနာနှင့်
ပြောခါနားထောင် လက်မထောင်ကဲ့
ထောင်ရေလက်မ အောက်သို့ချလိုက်
မာနတန်းခွန် မိုးထက်ပျံလို့
ဖောက်ပြန်သမှု မပြုကတ်ကဲ့
ပြုသည့်မာန အောက်သို့ချလိုက်
ဝါဒယှဉ်ပြိုင် ကြီးနိုင်ငယ်ညှင်း
အချင်းချင်းကို လုပ်ခြင်းရက်စက်
အစွယ်ထက်လို့ တော၀က်ပိုင်ယှောင်
မာန်မစောင်ကဲ့ စောင်သည့်စွယ်မာန်
နောက်ပြန်လှန်လိုက် အပြစ်ကိုမြင်
အယင်ပျင်ကတ် စာမတတ်ကဲ့
ဆိပ်ကျပ်ဆင်ချောင် လူ့ဘောင်လောက
မမျှတလို့ ပွပွပူပူ
ကျွက်ကျွက်ဆူရ ပုန်ကန်ကြသည်
ဒုက္ခကြွက်တွင်းနက်ရသတည်း --။

(၆)
ကြွက်တွင်းဒုက္ခ နက်ပါရသည်
စောရငပျင်း လက်ကြောတင်းနှင့်
မင်းဆိုးမင်းညစ် မှိုက်သရိုက်လျှင်
ဖြစ်ကြတဖုံ မွှီတုံယမ်းကား
ထွားထွားညက်ကြီ စစန့်သီရ
ကာလနာလျှင် ဆိုက်ကြပါကြောင်း
အလောင်းတောင်ပုံ ပုပ်ပွကုန်ကြ
ခွဆုံလမ်းကြား ၀မ်းလျားမှောက်လဲ
ကွဲပြဲသွီးယို ဗြန်းဗြန်းပြို၏ --။

ငိုယိုပြီးလွှား ကျောင်းသားသူငယ်
အရွယ်နုနု သက်ကိုလု၍
ဥပမာမူ ဖုတ်ပူမီးတိုက်
ကုလားတိုက်ကို ကျား၀င်ကိုက်သို့
မိုက်မိုက်မှောင်မှောင် လောင်လောင်ကျွမ်းကျွမ်း
သောင်းကျန်းပြည်ရွာ ပျက်ရပါသည်
မြန်မာမင်းညစ်ဆိုးသောကြောင့် --။

(၇)
မင်းညစ်မြန်မာ ဆိုးသွမ်းပါ၍
ပြည်ရွာမအီး ဒုက္ခဖီးနှင့်
ကပ်ကြီးလည်းဖြစ် ကာလနာလျှင်
ဆိုက်ကြတဖန် ရာဇဒါဏ်ကြောင့်
မှန်ကန်ဖြောင့်မတ် သင့်မြတ်သောသူ
ထိုသူလူကို ဆွဲယူသတ်ပုတ်
ချိုင်နှောင်ချုပ်၏ မဟုတ်မမှန်
လုပ်ကြံစွပ်စွဲ တရားစွဲ၏
ငရဲမီးတောင် ပေါက်ကွဲယောင်သို့
လှောင်တိုက်ကိုသွင်း နှိပ်စက်ခြင်းကြောင့်
ခြီချင်းတွဲလွဲ ဆင်းရဲမလှ
ခံရထိုထို တချို့ကိုလျှင်
အရှင်လတ်လတ် ကြိုးကွင်းစွပ်၍
သတ်ဖြတ်ယုတ်မာ လုပ်ကြပါသည်
ကြမ်းကြုတ်ဖရုဿာ ဝါသနာတည်း --။

(၈)
ကြမ်းကြုတ်ဖရုဿာ ဝါသနာကြောင့်
ပြည်ရွာပျက်ကျ ပုန်ကန်ကြ၏ --။

ထကြသူပုန် အလုံးစုံတည်း
အကုန်သူငါ တော်လှန်ပါ၏ --။

ပြည်ရွာအတွင်း မကြွင်းသျှင်လူ
ဆူပူအုံကြွ ဆန္ဒပြ၏ --။

မျောက်မ၀င်စား ဗိုလ်ချုပ်များလျှင်
ဘုရားပလ္လင် တက်လျှင်းပင်တင်
ဖင်ကိုကွကွ လှန်ကာပြ၏ --။

အသရေယုတ် အရုပ်ဆိုးဆိုး
ပုပ်သိုးနံစော် ရွံစရာတည်း --။

(သို့ပါသော်ကြောင့်)
ယှောင်ခွာဝီးဝီး ဖီးလွတ်ရာကို
ခိုကာပြီးလို့ ရွီးသားလင်္ကာ
စီကုံးပါသည်
မှန်စွာကြောင်ရီကျွတ်အံ့သတည်း --။

(၉)
ကြောင်ရီမှန်စွာ ကျွတ်အံ့ရာတွက်
ရာဇ၀င်မှာ ဖြစ်ပါလာသော
အရာများကို တိုတိုတုတ်တုတ်
ဆိုကာနှုတ်လို့ အကျွန်ုပ်လျှင်
တင်ပြပါမည် ရှိ၀ယ်အယင်
လောင်းကြက်တွင်ထ ထိုပြည်မကို
ရလိုချင်ဇော လောဘအားဖြင့်
စော်ကားရန်မူ မြန်ဟူခေါ်ထ
အင်း၀သမုဒ် ဇနပုဒ်က
အယုတ်မင်းခေါင် လက်မထောင်လို့
ခေါင်ပုတ်ပမာ ခိုးကာလာလျှက်
ပြည်ရွာသိမ်းဖျက် ဖြိုလုယက်၍
မြို့ပျက်တခါ ကြုံခပါ၏ --။

အရာတခေါက် မြို့မြောက်ဦးမှာ
ငကောက်ငကိုင်း ငလဝိုင်းက
ရိုင်းစိုင်းသမှု ပြည်ကိုလုလို့
တုပယှဉ်ပြိုင် အနိုင်လိုငြား
ပိုင်လိုအားဖြင့် ပိုင်းခြားပုန်ကန်
တိုက်ဖျက်ပြန်သည်
အကြံယုတ်စွ ပုပ်ပွသတည်း --။

(၁၀)
ယုတ်စွအကြံ ရခိုင်မှန်လျှင်
အရှင်လတ်လတ် ထူးခတ်သုတ်သင်
ဒါးစီရင်၏ --။

နီ၀င်မိုးချုပ် အမျိုးပြုတ်အောင်
ကြိုးတုတ်နှောင်၍ လက်ပေါင်ကိုခွတ်
ဂေါင်းကိုဖြတ်လျှက် သတ်ကြတသွယ်
မြစ်ပင်လယ်မှာ ချပစ်ပေ၏ --။

အချေသူငယ် အစိတ်ကေဆို
ခြီကိုကိုင်မြှောက် ထုတ်ချင်းပေါက်အောင်
ဒါးထောက်ဝါးချွန် ထိုးသတ်ပြန်၏ --။

ကျန်လူမိမ္မ အလှပကို
ကျင့်ကြမုဒိန်း သွီးစိမ်းရှင်ရှင်
အမြင်မကောင်း ဖင်ဟောင်းလောင်းနှင့်
အလောင်းကိုလျှင် ရင်ကိုလည်းခွဲ
အထဲကိုယ်၀န် မှောက်ကာသွန်လျှက်
မကျန်အငုတ် နိဂုံးချုပ်သည်
မျိုးပြုတ်အစိုင်တုံးအံ့သတည်း --။

(၁၁)
အစိုင်မျိုးပြုတ် အချုပ်နိဂုဏ်း
မဆုံးသိမ့်ပါ တောရွာပန်ဇင်း
လာခြင်းမကောင်း ဖင်ခေါင်းဦးနု
စိုးပြုမှောင်မိုက် ဖဆပလခေတ်တွင်
စစ်တပ်မြန်မာ ပစ်ခတ်ပါသည်
တရွာလုံးကျွတ် အပုတ်ပြတ်တည်း --။

နောက်ထပ်စစ်တွေ ဆယ်သုံးသြဂုတ်
ဖားပြုတ်နေ၀င်း စီမံခြင်းကြောင့်
ထမင်းငတ်ရ ၀မ်းမဝသော
ဓည၀တီ ဝေသာလီဖွား
ရခိုင်သားကို ကျားထိုးသနတ်
လက်စသတ်၏ --။

မှတ်ကြရခိုင် ကုလားထိုင်မွတ်
အောက်ခြီလွတ်သည်
သီကတ်အကောင် ရောင်ရောင်တည်း --။

(၁၂)
အကောင်သီကတ် ခြီကိုခွတ်၍
မပြတ်တော်လှန် ပုန်ကန်ပါသည်
ဦးစွာမိုးလင်း စယင်းလူစု
အံကိုတုလို့ လူထုထောက်ခံ
လက်ခုပ်သံနှင့် တဖန်စံကျော်ထွန်း
စခန်းထူထောင်
အောင်လံရွှင့်ရွှင့် ရွက်ကိုဖွင့်၏ --။

သို့ဖြင့်ချီတက် အသက်ရာသီ
မကျီအခဲ ရဲရဲတောက်လောင်
သွီးမီးတောင်နှင့် အကောင်တီဖြစ်
ရိုးတွန်ရစ်၏ --။

အသစ်ရာဇာ ဆက်ခံလာသည်
လူရာသီလား သူကားမသီ
အာဇာနီတည်း --။

ဤမြီဤသို့ လွတ်ဖို့ကြံစဉ်
သံယောဇဉ်ကြောင့် မယိုင်မလဲ
(ခိုင်ခိုင်မြဲ) သည်
အောင်ပွဲဆက်ကာခံလိမ့်သတည်း --။

(၁၃)
ဆက်ကာအောင်ပွဲ ခြိမ့်ခြိမ့်သဲလိမ့်
အမြဲမစံ လောကဓံကြောင့်
အမှန်မုက္ချ သူရို့ကျအံ့ --။

ဓည၀တီ သိင်္ဂီရွှီပြည်
အောင်စည်အောင်မောင် သောင်းသောင်းညံညံ
သံပြိုင်အမြောက် ပေါက်လတ္တံ --။

ဝံလက်ဓိဌာန် တောင်ဖံညီညာ အောင်လံချီလာရောက်လတ္တံ --။
ပျံတက်ဗိမာန် တောင်ယံတိမ်သာ ရောင်လျှံထိန်ဝါတောက်လတ္တံ --။

(Light In The Sky)
(ကြောင်ရီချွတ်လင်္ကာ)
ခရစ်သက္ကရာဇ် (၂၀၀၅) ခုနှစ် ဒီဇင်ဘာလ (၇) ရက် ဗုဒ္ဓူးနိ ရွီးပြည့်စုံသည်။

နိဗ္ဗာန ပစ္စယော ဟောတု။

ပဒရီစွပ် ကြောင်ရီ၀တ်လျှင်
သီကတ်အယင် ထိုခါတည်း --။

မောင်ပေါက် (ရခိုင်ပြည်)

သာလှဦး၏လတ်တလောကဗျာများ (May, June, 2026) (နှင့်) အမှတ်တရကဗျာများ အပိုင်း (၁)
https://www.facebook.com/share/p/1MifHNKFyU/










No comments:

Post a Comment