Saturday, July 11, 2026

သာလှဦး၏လတ်တလောကဗျာများ (May, June, 2026) (နှင့်) အမှတ်တရကဗျာများ အပိုင်း (၁)



သာလှဦး၏လတ်တလောကဗျာများ (May, June, 2026) (နှင့်) အမှတ်တရကဗျာများ အပိုင်း (၁)

(1) ငှက်ဝါကြီး
==========
(2) နမ်းမဝ
========
(3) မာပါစီကြောင်း သာစီကြောင်း
======================
(4) သာလီစွလည်း သာစွလည်း
====================
(5) မေလုံးချင်းသည်
===============
(၆) မောင်လုံးချင်းသည်
===============
(7) မောင်ကြီးဆွတ်ကေ ရခရေ
=================
(8) အနတ္တသည်သင်္ခါရ
=============
(9) သင်္ချိုင်းကုန်းဇရပ်က တခန်းရပ်ပြဇတ် (ခေတ်ဟောင်း)
============================
(10) သံဝေဂ (၏) သင်္ခါရ (ခေတ်ဟောင်း)
==================
(11) ရခိုင်ပြိုင်လောင်းသံကျပ်
====================
(12) မဟာမုနိဒုံးယိမ်းသံကျပ်
====================
(13) သတိုးအောင်နတ်သာခြင်း
====================
(14) ဗုဒ္ဓဝင်လင်္ကာရတု
==================
(15) မြောက်ဦးဘုရားဖူး
==============

ငှက်ဝါကြီး
=======

တောတန်းမယေထိုထို
မှိုင်းမှိုင်းညို
ကိုင်းယာခင်းမှာ နှင်းစိုစို
ရောင်ဖြူဝင်းလို့ မိုးလင်းယာဆို
သာခြင်းဆို သံချိုအီးအီး
တြင်းငြာ ငှက်ဝါကြီးလေ ငှက်ဝါကြီး။

နမ်းမဝ
=====

တခွန်းခေါ်
တတောင်ကျော်လမ်း
ခမောင်းပင်မှာ
သဇင်ပန်း။

သဇင်ပန်းကို မောင်ဆွတ်ခီ
မယ်နှမမှာ ပန်ရစီ။

တောင်ဖြူတောင်က
မောင်ယူခ။

တပင်တိုင်လေ ရခိုင်နန်းမှာ
မောင့်ကိုလွမ်းကေ
နမ်းမဝလေ နမ်းမဝ။

မာပါစီကြောင်း သာစီကြောင်း
===================

ငုံးပန်းက တခိုင်နှစ်ခိုင်
ပိတောက်ရနံ့ တကြိုင်ကြိုင်။

ရခိုင့်သဘာဝ
ယိုင်စစ။

ကျွန်းသမ
ပန်းအလှမေဇူ။

စိတ်ထားက ကြည်ဖြူ
ချစ်ခြင်းက တမူ။

လောင်းကြီးထဲက ရီကိုယူ
ပြိုင်တူ သူလောင်း
မာပါစီကြောင်း သာစီကြောင်း။

တောင်ဦးမော်လေ
ဆရာတော် ရွာတောင်ကျောင်းမှာ
ဆုမွန်တောင်းလည်း ဆုမွန်တောင်း။

သာလီစွလည်း သာစွလည်း
================

တောင်ကျွန်းမယေ သီဟို
ကျွန်းရိပ်ညို
သိန်းခိုပြည်ကြီး
ဇမ္ဘူချာလေ ဒီပါကျွန်းမှာ
လွန်ထွန်းညီးလို့
ဘုန်းမီးတောက်ထွန်း
လူ့ပြည်ကျွန်းမှာ နတ်နန်းတမျှ
စည်ကားလှကေ ထူးစွသာယာ
ဝရဇိန်လေ ထိန်ဟိန့်ကြိုးလို့
ဘုန်းမိုးရွာသည်
ဗြဟ္မာသက္ကာပူဇော်၏လည်း။

သတင်းမယေမွှီးကြိုင်
ပြည်မဏ္ဍိုင်လေ ရခိုင်ပြည်ကြီး
ဝေသာလီလေ ကျောက်လှီကားမှာ
တည်ထားပြီးသော်
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းနှင့်
ခန်းနားထည်ဝါ စိုင်အလာလေ
ရာဇာမျိုးရိုး
တိုင်းအာဏာကို ချုပ်အချာဖြင့်
အုပ်ကာစိုးလို့
တန်းခိုးကြီးစွာ ထွန်းလင်းဖြာသည်
သာလီစွလည်း သာစွလည်း။

သာစွမယေလီလီ
ကိုယ့်ဌာနီမှာ အညီအမျှ
သီဟိုကျွန်းက ထေရ်ရတထောင်
ပေါင်းနှစ်ထောင်သည်
ဦးဆောင်သင်္ဂါယနာ တင်ခပါ၏
မိစ်ဆာဝါဒီ အလဇ်ဇီကေ
ပသီကုလား အတန်တန်လေ
ရန်စွယ်များကို ပါယ်ယှားသုတ်သင်
ပြီးအောင်မြင်သည်
ရာဇဝင်မော်ကွန်းထွန်း၏လည်း။။

နရသီဟ
(May 13, 2026)(ဗုဒ္ဓူးနိ)

မေလုံးချင်းသည်
===========

ဖိုးခေါင်ဖိုးခေါင်
ကုက္ကလောင်ကေ
ဝရောင်ကျူးမြည်လာသည်
ဝသန်ကာလ
မိုးဦးကျလတ်ပြီတည်း။

တနှစ်ကုန်လွန်လီမြောက်
အနောက်တခွင်
မှိုင်းမှုံဆင်သည်
ပင်လယ်မုန်တိုင်းထ၏။

လှိုင်းလုံးကြီးစွာ
ရိုက်ခတ်လာသည်
ကြောက်ဖွယ်ကောင်းပါသည်တည်း။

မိုးသီးလည်းတပေါက်ပေါက်
တဖြောက်ဖြောက်သည်
မေလျှင်ကြောက်ကြီးဝင်၍
ကြက်သီးမွှီးညှင်း
အချမ်းပြင်းသည်
ရိုးတွင်းခြင်ဆီခိုက်ပါသည်တည်း။

မောင်လည်းပြည်ရွာ
တခြားမှာသည်
အိမ်မှာမေလုံးချင်းတည်း။

အိပ်စက်၍မပျော်လို
အစိတ်ကေလည်း
ထ၍ငိုသည်
မြင့်မိုရ်တောင်ကြီးပြိုသို့
ခိုကိုးစရာ ရှာမတွိ
တရိရိသည်
အလွန်ပင်ပန်းပါသည်၏လည်း။

လယ်ကိုင်းလည်း မထွန်ပါ
အိမ်နောက်ခြံမှာ
တပ်ထရံသည်
ကာရံမဟိပါတည်း။

နွားများဝင်ရောက်
ခြုံကိုဖောက်သည်
အပေါက်ဟောင်းလောင်းပေါက်၍
အိမ်ကြောက်အောက်ဖက်မှာ၌
ကြက်များစွာကို
ခဲဝါဝင်၍ဆွဲ၏။

အမှောင်တွင်၌
ခွီးများလည်းဟောင်ကာကာ
သူခိုးလာသည်
ပြည်ရွာမအီးပါတည်း။

ဖီးဒုက္ခသည်အလွန်ကြီး
ရီစီးသည်တဖောင်ဖောင်
အိမ်ခေါင်မြုပ်လုနီးပါး
ဖားများတကြံကြံ
မြွီကင်းပြည့်ဝှန်းလျှံသည်
မကန်မြောက်များစွာတည်း။

ခြင်မှက်ပေါက်ပွား
ဖီးရန်များသည်
ငှက်ဖျားဝမ်းရောဂါနှင့်
ရီများလည်းဝင်၍သာ
ဗုံးခိုကျင်းမှာ
ခိုအောင်းမရပါတည်း။

ဒုပ္ဗိကန္တရ အငတ်ဖီးနှင့်
ဝဋ်ကြီးလိုက်သည်
ကပ်ဖီးဆိုက်ရောက်ပါသည်၏လည်း။

သာလှဦး (မြောက်ဦး)

မောင်လုံးချင်းသည်
=============

ပန်းမျိုးပေါင်းစုံ မွှီးသင်းထုံ၍
ရဂုံမြိုင်အတွင်းမှာ
ဆီးနှင်းဖြောက်ဖြောက်
တပေါက်ပေါက်လျှင် ကျလတ်ကျင်သော်
ဝမ်းမြောက်မရွှင် စားမဝင်သည်
ပူပင်ကြောင့်ကြကြီးလျှက်
နှုတ်ကမပြော စကားမဆို
ဝမ်းမှာမျိ၍ထားကာ
မျက်ရည်ယိုစီး အပူမီးသည်
တောကြီးမီးလောင်သည်သို့
ဆောက်တည်ရာ ရှာမရ
ငှက်ဖိုးခေါင်သည် ဖော်ကိုလွမ်း၍တသို့
နိညမဟူ တကြူကြူလေ
မေဖြူကြားစီချင်၏။

ဟေမန္တသည်ဆောင်းကာလ မြောက်ပြန်စုံလီထက
တစိမ့်စိမ့်သည် လှိမ့်ကာလှူးကာပြန်၍
သန်းခေါင်ယံသည်
နာရီပြန်နှစ်ချက်တီး အာရုဏ်တက်မှာ
တစက်ပင်မအိပ်ပါတည်း
စိတ်ပူလောင်သည်
မေ့ကိုလွမ်းသည်ကြောင့်လေး။

တပေါင်းလည်းကူး တန်းခူးကာလ
ဂိမန္တတမှာ
ရာသီသည်လွန်ပူပြင်း
မောင်လုံးချင်းသည် စားမဝင်
မီးခိုးလည်းမှိုင်းမှိုင်းမှုံ တောလုံးဝိုင်းဝိုင်းအုံသည်
ဖုံတဆောင်းဆောင်းထလျှက်
ရဂုံမှာ ရွက်များတခက်ပင်မဟိပါတည်း။

ပင်တိုင်းမှာသည် အရိုးငေါက်ငေါက်
ကိုင်းခြောက်အဖျားထက်၌
ဂြိုးသားယင့်ယူ တကြူကြူမြည်လာလတ်က
စိတ်ပူသည်လွမ်းမစဲ
သင်္ကြန်အခါတည်းလေ။

သင်္ကြန်ရောက်လတ်ကလျှင်
နံချင်းပြိုင်၍ သစ္စာတိုင်တည်
ဆုပန်ရွယ်ငြားချင်ပါသော်လည်း
လွန်ဝမ်းနည်းသည်
ပြည်ရွာတိုင်းခြားတပါးအရပ်မှာ၌
မောင်ကမပျော်လို
မေ့ကိုလွမ်း၍ နိတိုင်းငိုသည်
မျက်ရည်ယိုစီးပါသည်၏လည်း။

မျက်ရည်ယိုစီး အပူမီးသည် မငြိမ်းနိုင်
သင်္ကြန်ပြီးသော် ဝသန်မိုးဦးရောက်က
အာကာကောင်းခင် မှိုင်းမှုံဆင်သည်
လျပ်လျှင်တပြက်ပြက်နှင့်
စက်မိုးထစ်ကြိုး ရွာသွန်းဖြိုးသည်
လွန်စွာအငြိုးကြီး၏။

ရီစီးသည်တဖောင်ဖောင်
ဝါခေါင်မာသ ချိန်ကာလ၌
မိုးများစွာ ရွာသွန်ချသည်နိမပြတ်
ဖားများစွာလည်း
မစဲအသံ တကြံကြံနှင့်
ညံညံအော်မြည်လတ်က
ထွေတထူးသည် နတ်ပူးယောင်သို့
ညည့်သိုင်ခေါင်မှာ
မောင်လျှင်ယောင်၍ထ၏။

တကိုယ်တည်း
လွန်ဝမ်းနည်းသည် ဝသန်အခါတည်းလေး။

(ကောင်းကျော်ဖြူ)

ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား။

မောင်ကြီးဆွတ်ကေ ရခရေ
===============

တောင်စိုင်ခုနှစ်ရိုင် ကိုးမြို့ပိုင်
ရခိုင်မင်းသား
ရွှီနန်းတော်မှာ ပျော်စံစား။

မင်းသားတန်းဆောင် ရွှန်းလို့ပြောင်
ဇမ္ဗူကျွန်းမှာ ပန်းတံမောင်။

ပန်းတံမောင်မှာ ဇောင်လည်းတသွေ
သံတွဲသူကို ယူမရလို့
ဝမ်းနည်းရေ။

သဇင်ပွင့်ဖြူ ဂမုံးဖြူ
ကြင်သူယုယ
ပျိုနွဲ့နှောင်းမှာ ကောင်းကောင်းလှရေ။

အချင်းချင်းကေ
သတင်းစကား
ကိုယ့်ပြည်တွင်းမှာ ကြားရရေ။

ဆွတ်မေဆွတ်မေ
ဂမုံးခိုင်ကို မောင်ဆွတ်မေ
ရိုးမတောင် ဖိုးခေါင်တောင်ကို
တက်ခရေ။

တခိုင်နှစ်ခိုင် ဂမုံးခိုင်လေ
တောဂနိုင်မှာ မွှီးလို့ကြိုင်ရေ။

ဂမုံးခိုင်ကို လက်နှင့်ကိုင်ညွှတ်
မောင်ကြီးဆွတ်ကေ ရခရေ။

ကောင်းကျော်ဖြူ
(ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား။)
June 3, 2026 (ဗုဒ္ဓူးနိ)

အနတ္တသည်သင်္ခါရ
==========

ပညတ်သဖောအရ
ရင်တမမ
သက်ပြင်းချ။

ပရမတ္တသဖောအရ
ယိုစီးလို့ကျ
ဒှါရ။

ငါတကောကော
တသောသောသည်ဒရဟော
ပညတ်သဖောပေတည်း။

ပညတ်နှင့် ပရမတ်
ဝိသမတ်မျှဉ်းတား ပိုင်းခြားဆန့်ကျင်လျှက်
ကမ်းနားတဖက်မှာ၌ အလှမ်းဝီးလှစွာသည်
အလားနှစ်ဖက်ပေတည်း။

သမုဒယသည်တုတ်နှောင်၍
အပုပ်ကောင်ကို သရုပ်ဆောင်သည်
အရောင်တပြောင်ပြောင်နှင့်
အ​မိုက်မှောင်သည် လိမ်လှည့်ဖျား
မူယာပျာတများ၏။

အပြင်ဝင်းပ အဆင်းလှကြပါသော်လည်း
အတွင်းပုပ်သိုး အရုပ်ဆိုးသည်
ငုတ်လျှိုးကွယ်လျှိုးထား၏။

မနုဿတ်တ ဒုလ်လဘ
လူ့ဘဝသည် ရီပွက်ပမာဏသို့
မမြဲနိစ္စ အနတ္တသာလျှင်တည်း။

ညကအကောင်း အေဂနိအလောင်း
အခါကောင်းသည်လိုမရ တိုတောင်းလှပါ၏။

နိမြင်ညပျောက် ဒိုးယိုပေါက်သည်
တန်းခါးခေါက်လျှက်
သိုင်ခေါင်မမြောက်ခင်လျှင်
အလှည့်ရောက်မည်ထင်၏။

ဗေဒင်နက္ခတ် မီးဖို့ရာသည်မလိုအပ်
မှန်မချွတ်သည်
မြီကြီးလက်ခတ်လျှင်သော်
လွဲအံ့မထင်ပါတည်း။

အတ္တမာန်မာန အာဃာတသည်သုံးစားမရ
ဘောရိပြကြပါသည်
ချောတိုင်တက်ကြပါသည်၏လည်း။

အနိစ္စနှင့်ဒုက္ခ အနတ္တသည်သင်္ခါရ
တခဏသည်အစိုးမရ
ကိစ္စချောကြပါသည်၏လည်း။

ကောင်းကျော်ဖြူ
(ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား။)
May 29, 2026 (သောက္ကြာနိ)

သင်္ချိုင်းကုန်းဇရပ်က တခန်းရပ်ပြဇတ် (ခေတ်ဟောင်း)
====================

အရောင်ပြောက်ပြောက်နှင့်
ခေါင်တောက်ငယ်သည်
ပျံချီဝဲချီနှင့် ဂဏာမငြိမ်ပါတည်း။

အမှောင်တွင်၌အစာရှာသည်
ခြုံပုတ်နောက်က ရုတ်ချည်းပေါ်လာပြီးလျှင်
ကုတ်ချီလားလီပါသည်
သစ်ခေါင်းအပေါက်ဝဆီသို့လည်း။

ရာသီသည်လွန်ပူပြင်း
နီဆယ်စင်းသည် လင်းပါသည်သို့
မြစ်ချောင်းအင်းအိုင်များ၌
ရီများလည်းသွိခြောက်လျှက်
ကျမန်းကောင်းသားများမှာလည်း
အက်ကြောင်းထင်ကာ ပေါ်၍လာသည်
အနာဖီးတက်သည့်ပမာသို့
ကွဲအက်လျှက်ဟိကြပါသည်
ရင်ကွဲနာကျကြပါသည်၏လည်း။

ခဲဝါလည်းအူကာကာ
ကြောင်လည်းအော်မြည်လာသည်
ရွာမှာ ခွီးလည်းဟောင်၏။

ရွာတောင်ကျောင်းသည် အိပ်မွှမ်းကျလျှက်
အပ်ကျသံမျှ မကြားရတည်း။

ချောင်းဝကမ်းတဖက်မှာ၌
တဲအိမ်ထဲတွင်
မီးခွက်မှိတ်တုတ်လင်းလျှက်
တာရိုးစောင့်သည့် ကင်းစောင့်အငှားမှာလည်း
အရက်သောက်လျှက်
ကြမ်းပြင်ထက်တွင်
တုံးလုံးပက်လက်ပေတည်း။

အသံတခေါခေါနှင့် တငေါငေါသည်
အံသွားကြိတ်လျှက်နီ၏။

ကမ္ဘာမြီပြင် စကြာဝဠာတခွင်လုံး
ငြိမ်ဆိတ်လျှက်သည် လီခတ်၍
ကိုင်းခက်လှုပ်သံမျှပင် မကြားရပါ။

လကွယ်ညသည်
သန်းခေါင်ကျော်အခါတည်းလည်း။

တခါတခါတွင်၌
တတောက်တောက်လျှင်
ခတက်ခေါက်သည် ဂျီဟောက်သည်သို့
တန်းခါးခေါက်သံ
နွားခလောက်သံများကို
အတိုင်းသား ကြားနီရပါ၏။

အမှောင်တွင်၌ တကောင်တည်းသည်
အလွန်ကြောက်ဖွယ်ကောင်းပါသည်တည်း။

တဆီလည်းခြောက်
မောင်လည်းကြောက်သည်
တုန်လှုပ်ခြောက်ခြားပါ၏။

မငေိုသံကို
မကြားတချက် ကြားတချက်နှင့်
နားလည်းပင်းလျှက်
မျက်စိစုံလုံးကန်းသည်
စမ်းတဝါးဝါး မှုံဝါးဝါးလျှင်
လုံးဝမမြင်ပါတည်း။

ဗုံတီးနှဲမှုတ် ဖုတ်ကြမ်းတလား
ကကြလျှင်သည်
ကမ္ဘာမြီပြင် ငလျင်ကြီးလှုပ်သို့
ရှိတိုးနောက်ဆုတ် လှုပ်ခတ်ပါသည်
ဘောင်ဘင်ခတ်ပါသည်တည်း။

လူတချို့သည်ကား
ယပ်တောင်တကားကားနှင့်
စကားတပြောပြောနှင့်
ချီမွှမ်းထောပနာပြုကြပါ၏။

အေသူချေ သူတော်ကောင်း
အေဇမ္ဗူမှာ တူသူမဟိ
ဇာတိမျိုးရိုးလွန်မြင့်မြတ်
စာရိတ္တလွန်ကောင်းမြတ်သည်
စာလည်းအလွန် တတ်၏။

စင်းလုံးကျွတ်လျှင်
အပြစ်ကင်းစင်ပါ၏။

အနုမြူမက
တစိမျှပင်မဟိပါတည်း။

နှမြောတသ ယူကျုံးမရဖြစ်ကြပါသည်
ရင်ထုမနာဖြစ်ကြရပါသည်တည်း။

ဆရာတော်ကြီးလည်း တရားဟောသည်
စည်းစိမ်ဥစ္စာ ရတနာသည်
သီသော်ယူလား၍မရ
အကုဋေကဋာ အနမတက္က
ရွှီဘုံကြီးသည်
မြင့်မိုရ်တောင်ထိပ်ထိမျှ
အရှိရှိသည် အတိဟိကုန်ပါ၏။

ဥစ္စာသည် ယူမရ
ချန်ထားခရပါသည်
မျက်ရည်ယိုစီးကျရပါသည်၏လည်း။

မျက်ရည်ယိုစီးကျရပါသည်ယင်းခါတွင်
ပူပန်ကြောင့်ကြ
ပူလုံးဆို့လျှက်သာတည်း။

ကိုယ့်အဖို့သည်မကျန်ရစ်
တရောင်းရောင်းသည်
တောင်ယာမီးလျှို့ပစ်သို့
ထောင်းထောင်းပျက်စီးရပါသည်တည်း။

နောင်တရသည်ယင်းခါတွင်
ခွင့်အခါသည် ပြန်လာမဟိ
ဆွဲတားမရ
ချောင်းကြီးကျရပါသည်၏လည်း။

လောကဇတ်ခုံပေါ်၌ လောကဓံသည်
ဖြားရီမဏာမသို့
စုံဆန်တက်ကျ နိမ့်မြင့်ဟိလှပါ၏။

ဆင်းရဲခါတွင်
ခေါ်ချင်သူ လူမဟိ
ကိုယ့်မှာမဟိ ပြည်မှာမဟိပါတည်း။

ချမ်းသာဘိသော် အမျိုးတော်ချင်သူ
လူတိမကန်ပါတည်း။

ဆွေမျိုးညာတိကာလည်း
သုံးစားမရပါသည်
လောဘကြီးကြပါသည်၏လည်း။

လိမ္မာမြင်ပြင်း ဆင်းရဲအားရ
ကြွယ်ဝမနာလို ကိုယ်ထက်သာမကြိုက်
အမိုက်လေးပါး
အာဃာတရားတည်း။

လူမိစ္ဆာအောက်ရှောက်သော်ကား
ဆန္ဒညစ်နှင့်
ကျောက်ခဲလွှင့်ပစ်ပါ၏။

မုသဝါဒါနှင့်
မဟုတ်မမှန်လုပ်ကြံစွပ်စွဲလျှက်
ခွီးကျင့်ခွီးဉာဏ် ကြံတတ်ပါ၏။

ကိုယ့်ကိုမူကား
အထပ်ထပ်သည်
မဟာမုနိတွင်၌ ရွှီလျှင်ကပ်သို့
ချွတ်မရသည် အမွှမ်းတင်ကြပါ၏။

နတ်ဆရာအလား အထပ်ထပ်လျှင်
ပတ်စာတင်ကြပါ၏။

ဘဝင်လီဟပ် အောက်ခြီလွတ်သည်
အောက်ခြီရင်းကျွတ်ကြပါသည်တည်း။

ဘုရားတကာ ကျောင်းတကာယောင်ယောင်
အယောင်ဆောင်ပြ
ရောင်းပန်းလှကြပါသည်၏လည်း။

သရဏဂုံတင် ကမ္မာဝါစာဖတ်၍
ဆရာတော်တရား
နာကြားပြီးသည်နောက်
နောက်ဆုံးဂါရဝ
တမိနိငြိမ်သက် အလေးနီပြုလျှက်
ယူနီဖောင်းဝတ် ရဲဖော်တယောက်ကလည်း
"သင်လားလိုရာသို့လားနိုင်သည်"
စာစီကုံးသည် ကဗျာရွတ်၍
ခြီမကြိုးကို ဖြီပီးလိုက်ကြပါ၏။

အကျယ်လေးပေ တွင်းခေါင်းဝ၌
မသထီစရာ လူသီအလောင်းကို
ဂူသွင်းမြှုတ်နှံလိုက်ကြပါ၏။

ရီအိုးခွက်ကို ဒုတ်နှင့်သတ်၍
ရိုက်ခွဲလိုက်ကြပါသည်
အိုးစာပြတ်ပါသည်၏လည်း။

သင်္ချိုင်းကုန်းသည် တောင်ကုန်းတဖက်မှာ၌
ခြုံပုတ်အောက်က ဂျီဟောက်လျှင်ပင်သည်
မောင်တယောက်သည်
အလွန်ကြောက်ပါသည်တည်း။

အမှောင်တွင်၌ လူများစွာကို
အော်၍ခေါ်၍မရပါတည်း။

အိပ်စက်၍မပျော်လို
ယောင်၍ထ၍ငိုသည်
တကိုယ်တည်း
ရင်ကွဲရပါသည်၏လည်း။

တကိုယ်တည်း လွန်ဝမ်းနည်းသည်ယင်းခါတွင်
အရိုးငေါက်ငေါက် ပင်ထက်ထိပ်ဖျားမှာ၌
သစ်ရွက်ခြောက်သည်
တဖြောက်ဖြောက်လျှင် ကျလတ်ကျင်၏။

အရိုးငေါက်သည် ငေါက်စောက်ထိုးလျှက်
မိုးတစက်မျှ မရွာပါတည်း။

အပူသည် လောင်မြိုက်ကျွမ်း
ခန္ဓာကိုယ်လည်းလွန်ပင်ပန်းသည်
စိတ်လည်းနွမ်းညှိုးပါ၏။

ထိုခါတွင် တကူကူလျှင်
ဂြိုးကြူလာသည်
အပူလွန်ဆကဲ၍
မောင်ကြီးလွန်ဝမ်းနည်းသည်
ဖျော်သူမဟိပါတည်းလည်း။

ခြောက်ရက်ကြာကြာ
အစာလည်း တရက်မျှမစားရပါတည်း။

အသားများပုပ်ပွလျှက်
အရိုးငေါင်းငေါင်းထ၍
ဥက္ခောင်းခွံလျှင်ကျန်၏။

ခုနှစ်ရက်သည် တပါတ်လွန်ပြီးခါ၌
ရွာတောင်ကျောင်း၌
မေလျှင်ဆွမ်းကြီးလောင်း၍
ရက်လည်ဆွမ်းသွတ်ပါသည်
မောင်ကြီးအကျွတ်ရစီသောဝ်လည်း။

သာလှဧူး (မြောက်ဧူး)
June 8, 2026 (တလင်္လာနိ)

သံဝေဂ (၏) သင်္ခါရ (ခေတ်ဟောင်း)
===============

အာကာကောင်းခင်
မှိုင်းမှုံဆင်သည်
လျပ်လျှင်တပြက်ပြက်နှင့်
ညည့်နက်သန်းခေါင်အခါတည်းလည်း။

ဒီးဒုတ်ငှက်သည်
ကိုင်းဖျားအထက်မှာ၌
တဒုတ်ဒုတ်လျှင် မြည်ဟီးလတ်သည်
စည်ကြီးတီးခတ်သည်သို့လည်း။

ကိစ္စအမှု တခုခုလျှင်
တွိကြုံရဦးမည်တည်း။

သောသောရုရု
လောကဝတ်မပြုလျှင်းဘဲ
အာဂန္ဓုသည်
တန်းခါးလာထုပါ၏။

ကုသိုလ်ကံလျှင် ကြမ္မာနမိတ်ဆိုးတည်း
ကိုယ့်အဖို့သည်
အမှောင်တွင်၌
မိုးကြိုးပစ်သည်သို့လည်း။

ကျွန်အားကိုးသည်
ဘုရားကို ရှိခိုးပါ၏။

ကျွန်ကိုးစားသည်
သကြားမစပါလော့။

အူသဲခြီတုံလို့ချိ
ကယ်မည့်သူ မဟိပါတည်းလည်း။

ဥစ္စာသည်တောင်ပုံယာပုံ
စား၍မကုန်ပါတည်း။

သမုဒ္ဒရာ ယမုံနာသည်
သီတာမြစ်ရီအလား
ပွားများပြည့်စုံပါ၏။

အိုးခွက်ပန်းဂံ
ထည့်မကန်သည်
အလွန်မြောက်များစွာတည်း။

အကုဋတဋော
ရွီတွက်မနိုင်ပါသည်
ပုတ်ရိုင်ကျီပြည့်ပါ၏။

အထက်တာဝတိံသာက
နတ်စည်းစိမ်ပမာဏတည်း။

အိမ်ရှိအိမ်နောက် တောင်နှင့်မြောက်သည်
အနောက်အရပ်မှာလား
ထားသိုရန်သည်နီရာ
ဇကာမဟိပါတည်း။

အိမ်ကြီးရခိုင်သည်လည်း
ပြိုင်းတိုင်မတ်မတ်ထောင်၍
အထပ်ထပ်သည်
နန်းရံပြဿပ်ဆောင်နှင့်
တပြောင်ပြောင်သည်
အရောင်ပြိုးပြက်တောက်လျှက်
စိန်ကျောက်ရတနာတိ
နတ်ပြည်ကိုတောင်
ရယ်ချင်မိပါသည်တည်း။

ထားခရပါတော့မည်
သားဦးမောင်ကြီးဖြူ သမီးပန်းမေဇူနှင့်
မွှီးသူအိမ်သျှင်မကို
ခွဲရပါတော့မည်။

မျက်ရည်သည်ယိုကာစီး
အပူကြီးသည်
တောမီးလောင်ကျွမ်းသည်သို့
မောင်ဝမ်းနည်းသည်
နှလုံးကြီကွဲရပါသည်လည်း။

ဝမ်းနည်းရသည်ထိုခါတွင်
ဘဝင်မအီးပါသည်
မောင်လျှင်ပူကြီးဆွေးလျှက်
ပြည်ရွာတဖက်ကမ်းကို
လမ်းခွဲရမည်သာတည်း။

မခွဲစီလို မလားစီလို၍
မေကြီးလည်း
ရင်ကိုထုထောင်းသတ်၍ငိုသည်
မျက်ရည်ယိုစီးပါသည်တည်း။

မောင်တယောက်တည်းသည်
ကြောင်တောင်တောင်နှင့် ယောင်မိပါ၏။

မွှီးသူအိမ်သျှင်မကို
ရှာ၍လည်းမတွိပါ။

မျက်စီသည်ယောင်မှားမှား
စမ်းတဝါးဝါး လှမ်း၍လားသည်
ရှိမှာချောက်ကမ်းပါးတည်း။

တကြော်ကြော်လျှင်
အော်သံများကို ကြားနီရသည်
နားမှာပွက်ပွက်ဆူ၍
အချူတရာလျှင်
ယူဇနာသောင်းခြောက်ထောင်တည်း။

လမ်းကြောင်းတလျှောက်မှာသည်
စူးများဝိုင်းအုံလျှက်
မလှူးသာမလွန့်သာသည်
လိမ်တွန့်လျှက်နီရပါ၏။

ငရဲမီးသည်ပူလောင်လွန်း
ကြောက်ကောင်းထမန်းပါတည်း။

လောင်မြိုက်ကျွမ်းလျှက်
လူများထင်းနှင့်
မီးသင်္ဂြိုဟ်လိုက်ကတ်ပါသည်
မောင်ကြီးအလောင်းကောင်ကိုတည်းလည်း။

တခဏတွင်
ခန္ဓာကိုယ်သည်ပြာကျလျှက်
မရဏသည် သီမင်း၏ခံတွင်းဝယ်၌
ခြင်္သေ့မင်းသည် သိုးငယ်သားကို
ဝါးစားသည်သို့တည်း။

အရိုးတခြား သားတခြားသည်
အနားအပါးဝယ်၌
လင်းဋငှက်များစွာလည်း
နှုတ်သီးတကားကားနှင့်
စောင့်စားလျှက်ဟိ၏။

နာမချိသည် လုကြဆွဲကြပါ၏
ရိုးမျှမကျန်ပါတည်းလည်း။

သာလှဧူး (မြောက်ဧူး)
June 11, 2026 (Thursday)

ရခိုင်ပြိုင်လောင်းသံကျပ်
================

ပြိုင်လောင်းပွဲ အားပီးလာ
အရီးအခင် မာပါယင့်လား။

ခေါက်ထီးဆောင်းလို့ မမလေ
ဂေါင်းကိုစကေ ဖွင့်လို့ပြလိုက်။

ပြုံးစိစိနှင့် မမချေ
ပါးချိုင့်ချေနှင့် ချစ်ကောင်းထမန်း။

သနပ်ခါး ပါးလဝိုက်ကျံ
အဂယင့်အမှန် ချစ်ကောင်းထမန်း။

ရွှေဘယက်ကြီး အကြီးမသန်
ဘုန်းနှင့်ကံနှင့် သူဌီးမကြီး။

ပြိုင်လောင်းပွဲ ပွဲကြည့်လာ
အားလုံးကျမ္မာ မာကတ်ယင့်လား။

ပြိုင်လောင်းပွဲ အားပီးလာ
ပွဲကြည့်လာရေ ပရိဿတ်အပေါင်း
ကျမ္မာစီကြောင်း ဆုတောင်းဆုတောင်း
ငါရို့နိုင်ဖို့ ဆုတောင်းဆုတောင်း။

ဆုတောင်းပီးလို့ ငါရို့နိုင်
သံကျပ်မြိုင်မြိုင် ထိုးခပါယင့်။

(မောင်ရို့မောင်ရို့)(လေးလေးလေးလေး)၂ (မောင်ရို့မောင်ရို့)

သုံးတောင်ကျော်လို့ ခွတ်လတ်တေ
ဆယ်နှစ်လံရှည် ငါရို့ပြိုင်လောင်း။

ပြိုင်လောင်းအပြည့် ငါရို့ထိုင်
အားကောင်းမောင်းသန် ရခိုင်သားတိ။

လူစိတက်စိ ထိုင်ပြီးသကာ
ဦးစီးဆရာ သံကျပ်ထိုးလို့။

နောက်ကလောင်းတိ တန်းလို့စီ
တက်ညီလက်ညီ ပျော်ကောင်းထမန်း။

အောင်လံကိုထမ်း ငါရို့လာ
ဝမ်းပန်းတသာ ကြိုလိုက်ဆိုလိုက်။

အပွဲပွဲ နွှဲလို့လာ
ယှုံးရေဆိုစွာ တခါမဟိ။

အမျိုးဇာတိ ရခိုင့်မာန်
ရခိုင့်အောင်လံ လွှင့်လို့ထူလို့။

ဇမ္ဗူတလွှား များထင်ပေါ်
ဟိုးဟိုးကျော်ရေ ရခိုင်သားတိ။

အပွဲပွဲ နွှဲလို့လာ
ယှုံးရေဆိုစွာ တခါမဟိ။

(အောင်တပ်ချောင်း သောင်းသောင်းညံ
ပြိုင်လောင်းလှော်သံ မကြားကတ်လား။)၂

ဆံပင်နီကို ကြောင်တောင်ဆို့လို့
ကြောင်နံသာနှင့်အလားတူ
ဘိန်းဘင်းသောက်လျှူ ရခိုင်သားတိ။

ဖျာလိပ်ခေါင်း ဂေါင်းထက်တင်
ယောက်ဖခေါ်ချင် နီကတ်တုန်းသိမ့်။

မက္ကလာကို ဂေါင်းမှာဆောင်း
ကမ်းထောင်းထက်က မရီးချေ
လူးကျလိမ့်မေ သတိထားကတ်။

ပဋရီကို ဂေါင်းမှာစွပ်
အမတ်လောင်းကြီးကြွလို့လာ
လက်ခုပ်သြဘာ ပီးလိုက်ပီးလိုက်
လက်ခုပ်သြဘာ တီးလိုက်တီးလိုက်။

မပီကလာ ပီကလာနှင့်
ဇတ်မင်းသားကြီး ဦးဖိုးစိန်
မစားရကေ နီလို့မကောင်း။

(အောင်တပ်ချောင်း သောင်းသောင်းညံ
ပြိုင်လောင်းလှော်သံ မကြားကတ်လား။)၂

ခွီးနှင့်ခဲဝါ တတူလာ
ခဲဝါကိုလွှတ် ခွီးကိုလိုက်သတ်။

(အောင်တပ်ချောင်း သောင်းသောင်းညံ
ပြိုင်လောင်းလှော်သံ မကြားကတ်လား။)၂

တက်ပဲ့မနိုင် ကမ်းပိုင်ချောင်းက
ဇာ (--) စုပ်ဖို့ လာကတ်တေ
ပြောလိုက်ရကေ လုံးဝမကောင်း။

(အောင်တပ်ချောင်း သောင်းသောင်းညံ
ပြိုင်လောင်းလှော်သံ မကြားကတ်လား။)၃

မဟာမုနိဒုံးယိမ်းသံကျပ်
================

သုံးပါရတနာ မြတ်ဆရာနှင့်
မာတာပီတ အနန်တကို
ဂါရဝနှင့် လက်ဦးချီ
သုံးခါသုံးလီ လက်စုံမိုးလို့
ရှိခိုးကန်တော့လိုက်ပါသည်။

ပဝေသဏီ လွန်လီရှိက
ရာဇတိက္ကမ ကျမ်းအလို
ရာဇဝင်ကို ဆိုကာနှုတ်
တိုတိုတုတ်တုတ် ပြောပါမည်။

နှစ်လေးသင်္ချေ ကမ္ဘာတသိန်း
ကိန်းခန်းလွန်မြောက်ပြီးသောအခါ
ဗုဒ္ဓမြတ်စွာ ပေါ်လာထွန်း
သျှင်လူရဟန်း ကျွတ်တမ်းဝင်။

သတင်းပေါ်တွင် လွန်ထင်ရှား
ဘုရင်ရွှီနားကြားသောခါ
စန္ဒာသူရိယာ တောင်းပန်ပြု
ဒိဗ္ဗစက္ခု ရှုကြည့်သော်
အခြံရံဖော် ယာဉ်ရထားနှင့်
ငါရို့ဘုရား ကြွမြန်းလာ။

ထိုစဉ်အခါ ဘုရင်ကြီး
ရွှီထီးလှူဒါန်း ပီးပြီးသော်
ဆွမ်းပန်းကပ်လှူ ပူဇော်ပြီးက
ဗုဒ္ဓတရား ဟောကြားရေ။

ရဟန်းသျှင်လူ ပြည်သူအပေါင်းမှာ
ပြည်နိဗ္ဗာန်ကို ကြံစည်ညောင်းလို့
သောင်းသောင်းသာထု ခေါ်ကတ်တေ။

ပြည်လည်း (နိဗ္ဗာန်) ၂ ဗုဒ္ဓလည်း (မြတ်စွာ) ၂
(ကိုယ်စားတော်) ၂ ထားခပါရေလေး။

ဗုဒ္ဓသာသနာ ထွန်းခပါသည် ထွန်းခပါသည်
ဗုဒ္ဓသာသနာ ထွန်းခပါသည် ထွန်းခပါသည်။

အေဂနိတိုင် အေခုတိုင်
ဗုဒ္ဓဘာသာထွန်းခပါသည်လေး။

ဗုဒ္ဓလည်း (မြတ်စွာ) ၂
(ကိုယ်စားတော်) ၂ ထားခပါသည်လေး။

သာသနာနီရောင်လင်း စိုင်းဒြားမင်းစိုးခပါရေ
ဝေသာလီ ကျောက်လှီကားမှာ
ကျောက်စာရွီးထိုး ထားခပါရေ
(စောမွန်တည်ကေ ရွှီမြောက်ဦးလေ)၂
သျှစ်သောင်းဘုရားမှာ
ထောင်ထားလို့ ဟိလီပါသိမ့်ရေ။

ဖိုးဖီးစိုင်လာ (ဖိုးဖီးစိုင်လာ)၂
ဖိုဖီးဇူဇာ (ဖိုးဖီးဇူဇာ) ၂
ဗုဒ္ဓသျှင်ဘုရား (ကိုယ်စားတော်) ၂
ကိုယ်စားတော် မြတ်ဘုရားကို
တည်ထားလို့ ကိုးကွယ်ပါခရေ။
(ဟန်စိလေ) (ဟန်စွလေ) ကိုးကွယ်ပါရေလေး။

ကျောက်တော်တောင် တောင်ခြီရင်း
ရွှီအဆင်းနှင့် တင့်တင့်တယ်တယ်
မျက်နှာတော် ရွှင်ကာပြုံး
သီတင်းသုံးလို့ ကိန်းဝပ်စံမ္ပါယ်
(ကြည်နူးဖွယ်) ၂ ကြည်နူးဖွယ်လေး။

ထက်အောက်အနန္တ စက္ကြဝဠာ
လူနတ်ဗြဟ္မာသတ္တဝါအပေါင်း ကောင်းကျိုးချမ်းသာ
မေတ္တာ ဂရုဏာ ဥပေက္ခာ မုဒိတာ နိဗ္ဗာန်ချမ်းသာ ရနိုင်ပါစီ
ကျမ္မာချမ်းသာကြောင်းကို
အကျွန်ရို့က ဆုတောင်းမေတ္တာဝီ။

ပြည်လည်း (နိဗ္ဗာန်) ၂ ဗုဒ္ဓလည်း (မြတ်စွာ) ၂
(ကိုယ်စားတော်) ၂ ထားခပါရေလေး။

ကောင်းကျော်ဖြူ
(ရွှီလုံးလက်ရွီးဖြစ်ပါသည်ဘုရား)

သတိုးအောင်နတ်သာခြင်း
=================

တောင်ကအောက်ချင်း
ပြားကိုဆင်း
အောက်ချင်းဖော်ရွီ
ပလက်ဝမှာ လားကြည့်ခီလည်း။

အောက်ချင်းဖော်ရွီ ပျံလို့နီ
မြေပုံမြို့မှာ လားကြည့်ခီလည်း။

အောက်ချင်ဖော်ရွီ ဝဲလို့နီ
သံတွဲမြို့မှာ လားကြည့်ခီလည်း။

အောက်ချင်းဖော်ရွီ နားလို့နီ
အမ်းတောင်ကြားမှာ လားကြည့်ခီလည်း။

တောင်ခြီကမ်းနားး အောက်ချင်းနား
ကမ်းနားတောင်စိုင် အောက်ချင်းပိုင်လည်း။

ရခိုင်နှင့်ချင်း ဆွီမျိုးရင်း
ချင်းနှင့်ရခိုင် စားပွဲထိုင်လည်း။

ပြည်ကြီးရခိုင် စစ်ကြီးပြိုင်
ရခိုင်စစ်မီး စစ်ငြိမ်းအီးလည်း။

ကုလားပုစွန် ဂုတ်ကလန်
ပုစွန်တုတ်ကြီး စားမညီးလည်း။

ရာမောင်နတ်ကြီး ဆင်ကိုစီး
နတ်ကြီးမယူ အောင်လံထူလည်း။

အလျားကိုးတောင် ရပ်ကိုးတောင်
သတိုးအောင် နတ်မောင်ယောကျ်ား
မယူတောင် တောင်စိုင်အကြား
ကျားလားလားလည်း။

မယူတောင် တောင်စိုင်တကြော
ကျားလားလားလည်း။

ကုလားပုစွန် ချက်စားရန်
ကုလားပုစွန် ချက်စားရန်လည်း။

ဟာဟေ အရာကေမှာရာလည်းတယောက်
ရွာသားတိမှာ ရွီးလို့ကောက်
သူရို့ခေါ် လွှတ်တော်အမတ်
ငါရို့ခေါ်ကေ (ပဒရီစွပ်) (ပြာရီကျွတ်) ဖွတ်
ဖွတ်ကေမှာရာလည်း ဖွတ်တောင်း
အပြည်ပြည်ကို လည်လို့တောင်း ဝမ်းဟောင်းလောင်း။

အယင်ကခါ ဗာရာဏသီရာလည်း မင်းကြီး
တောနက်ကေလွန် လူဝံလေမနှင့်
နဖူးစာမှာ ပါသည့်ဝဋ်
ချွတ်မကျွတ်ယာ။

ညည့်ဦးယံ လူဝံလေမ
ဇာတိရုပ်ကို ထုတ်လို့ပြရေ။

သံကွန်ချာလေ ကုလာကာခုနှစ်ထပ်
ရံလို့ပတ်
ပြီးမလွတ်ယာ ပုယေ။

ဟာဟေ ငါနတ်ဘဝင် စိတ်ကြီးဝင်
အမြင်မကောင်း စိတ်မကောင်းလည်း။

တိုင်းပြည်ရွာ မာပါစီကြောင်း
ငါနတ်ကောင်းကို မစပါလည်း။

တိုင်းပြည်ရွာ သာပါစီကြောင်း
ငါနတ်ကောင်းကို မစပါလည်း

နတ်ကြီးဘဝင် စိတ်ကြီးဝင်
နတ်ကြီးဘဝင် စိတ်ကြီးဝင်လည်း။

ဘဝင်နတ်ကြီး စည်ကိုတီး
ဘဝင်နတ်ကြီး စည်ကိုတီးလည်း။

နန်းရာကုန်းရပ်သူ ဂမုံးဖြူ
ချစ်သူယုယ မြို့ပိုင်မလည်း။

ဝသဲရပ်သူ စံကြွဖြူ
ချစ်သူယုယ မြို့ပိုင်မလည်း။

မင်းကောင်းမင်းကောင်း ထိုမင်းကောင်း
မင်းကောင်းထိုခါ ပေါ်ဖို့ရာလည်း။

ရခိုင်မင်းလူ ပေါ်တော်မူ
ရခိုင်မင်းလူ ပေါ်တော်မူလည်း။

အောင်ပါစီ သပြီပန်းနှင့် ရီချမ်းကိုလောင်း
အောင်ကြွဖြူ မာစီကြောင်း ရီချမ်းကိုလောင်း။

သာလှဧူး (မြောက်ဧူး)
November 17, 2025)(တလင်္လာနိ)

ဗုဒ္ဓဝင်လင်္ကာရတု
==========

ကကုသံ ဂေါဏာဂုံ ကဿပ
ဂေါတမ
မည်တွင်အရိမိတ္တေယျတည်း
ပွင့်လာကြအလီလီ
ပါရမီဖြည့်သည်ကား
လေးသင်္ချီနှင့် ကမ္ဘာတသိန်း
ရီကိန်းစကြာဝဠာ ပေါ်သောခါ၌
ငါးပွင့်ကြာကို ယူကာနမိတ်ဖတ်၍
ဤ ဘဒ္ဒ ကမ္ဘာ ကြီး ၌
ကြာလျှင်အပါး
ဘုရားငါးဆူ ပွင့်တော်မူအံ့။

ဥယျာဉ်အတွင်းဝယ်၌
နွီမိုးဆောင်းလျှင်
အပြောင်းအလှည့် မငြီးငွေ့စီရ
ကခြေသည်သဘင်ဇတ်
ပတ်သာဗုံမောင်း စောင်းညှင်းတူရိယာသည်
တခါမပြတ်ပေတည်း။

နန်းစည်းစိမ်နှင့်
ကာမဂုဏ်ကို အာရုံခံစား
ပျော်ပါး၍နီစီပြီးခါ
ထားငြားပါသော်လည်း
လူနာ လူအို လူသီ ရဟန်း
ဖန်သင်္ကန်းကို သိကျွမ်းတွိမြင်ငြားက
တောထွက်လာသည်
အာရုဏ်မိုးထ အခါတည်းလည်း။

အရိယာသည် သစ္စာလေးပါးကို
ကုန်စင်သိတုံငြား၍
မိဂတာဝုဏ်တောတွင်းဝယ်၌
ပဉ္စဝဂ္ဂီငါးပါးကို
တရားဦးဟောကြားတော်မူ၏။

အလျှံတပြောင်ပြောင်
လောင်ကျွမ်းလျှက်သည် ရာဂမီး
ကုန်ချုပ်ငြိမ်း၍
အီးချမ်းရာမှန် ပြည်နိဗ္ဗာန်ကို
လမ်းညွှန်ပြတော်မူ၏။

လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း
ချမ်းသာကြောင်းသည်
ကောင်းမှုအနုမောဓနာ ခေါ်စီသောဝ်လည်း။

ခေါ်ကြပါသည်ယင်းခါတွင်
မဂ္ဂင်သျှစ်ပါး လေးပါးအရိယာ
မဇ္ဈိမပဋိပဒါ မင်္ဂလာသုတ္တံ
ကံကံ၏အကျိုး
ကိုယ့်တောင်ယာ ကိုယ်စိုက်ပျိုး၍
ကြိုးကုတ်လုံ့လ မြတ်စာဂသည်
ဒါနပြုကတ်လီလော့။

စရိုက်သည် လွန်ဆိုးသွမ်း
ကျင့်ယုတ်ကြမ်းသည်
ပင်ပန်းကြီးလှစွာ၏။

ကျင့်ရာမှောက်မှား လူမိုက်အားလျှင်
ဝီးစွာယှောင်ယှားကုန်လော့။

ပညာဟိကို တွိသောသူ
ဟူလျှင်မူကား
သူ့ကျေးဇူးကို ထွေတထူးသည်
ဆည်းပူးပူဇော်လီလော့။

ကုမုဒြာ ပဒုံမာ
(၃၈) ဖြာ မင်္ဂလာသည်
တူစွရွှီကြာပန်းကို
ရွှင်လန်းပန်ဆင်လီလော့
မှာထားခပါသည်လည်း။

တနိသ၌ သစ္စကပရစိုရ်သည်
ခြစ်ရန်လိုသည် မှန်သောကြောင့်
မရဏ၏အဆုံးစွန်သည်
တမလွန်၌
မဟာဘုတ်၏ရုပ်နှင့်နာမ်လျှင်
တဖန်ပြန်၍
ပဇာအရပ်၌ ဖြစ်ဖို့သနည်း
မီးလီသောခါ သံစည်ကြီးသည်
တီးခီမည်သော်မှန်သောကြောင့်
အသံသည် မြည်ဟီးစွ။

လောင်စာကင်းပျောက် ထိုမီးတောက်သည်
အနောက်သို့လည်းကောင်း မြောက်သို့လည်းကောင်း
ပဇာအရပ်သို့ ရောက်ဖို့သနည်း။

ထိုနည်းတူစွာ ငါသည်
လိုင်ဂုတ်ကိုချိုး အငုတ်ကျိုးသည့်
ထန်းရိုးဥပမာသို့
သံသရာလည်ပတ်
ရာဂမီးသည် ဖီးကကျွတ်၍
အိုခြင်းနာခြင်းသီခြင်းကင်းရာ
လွတ်မြောက်ရာမှန် ဘုံဗိမှာန်သို့
နိဗ္ဗာန်ကူးလီပြီးတည်းလည်း။ ။

သာလှဧူး (မြောက်ဧူး)
ကောင်းမှုတော်ဖြစ်ပါသည်ဘုရား။
December 8, 2025 (တလင်္လာနိ)

မြောက်ဦးဘုရားဖူး
============

တောင်ကျွန်းမယေ သပြီ
မြရောင်ဝီ၍
အောင်မြီအထွဋ် ဂုဏ်ကြီးမြတ်သည့်
မြောက်ဦးအရပ်မှာ၌
အဖသျှစ်သောင်း သားကိုးသောင်းသည်
အပေါင်းမြောက်များစွာတည်း။

မြို့ဦးဂေါင်းဘုရား
မာန်ငါးပါးသည်
ထင်ရှားကျော်ကြားပါ၏။

ဗားဘူဟိယင့် ဆန်ဟိယင့်
ဒိုင်းကျီဟိယင့် ရီဟိယင့်။

အမြင့်တောင်နှင့် ဓါတ်ရွှေဂူ
တောင်ဖြူနှင့် အဘောင်တော်အင်း
မြင်းစိုင်းပြင်နှင့်တောင်ရပ်
စံကားတောင်ကိုပတ်၍
အောင်တပ်ပြီးလျှင်
ဘောင်းဒွတ်ဆိပ်ကမ်းဝ၌
နှစ်စဉ်သည်ပြိုင်လောင်းပွဲ
ခြိမ့်ခြိမ့်သဲသည်
ကျင်ပွဲမြို့လုံးကျွတ်တည်း။

ရိုးရာဇတ်သည်
တဝဂူအတ္ထုပ္ပတ်နှင့်
သုံးရက်ပြတ်လုံး
ကြည့်မဆုံးသည်
ရွှင်ပြုံးတကာကာတည်း။

များစွာသည် သျှင်လူပေါင်း
တသောင်းသောင်းသည်
လမ်းကြောင်းပြည့်မွှမ်းကျင်မျှ
ဘုရားဖူးလာကြသည်
ဒါနအလှူဝတ်ကို
မပြတ်ဆောက်တည်ပါ၏။

အဓိဌာန်ကျောင်း မြောက်ဦးစင်တာ
စူဠာမုနိဘုရား လား၍ကိုယ်စီ
သီလယူကြပါ၏။

လက်ဆီးကန်ကို လည်ပတ်ပြီး၍
ကိုးနဝင်းစေတီမြတ်ကို
ဦးညွတ်ပြီးခါ
လက်ဝဲလက်ယာ ရှုကြည့်ပါသော်
ဇိနမာန်အောင် ရွှေဂူတောင်
ရွှေတောင်စေတီတော်ကို
ဖူးမျှော်လိုက်ရပါသည်
သဒ္ဓါရိုကျိုး လက်စုံမိုး၍
ရှိခိုးကန်တော့ပါသည်၏လည်း။

ရှိခိုးမယေလီလီ
လက်ဦးချီကေ
စုံညီရိုညွတ် ဖူးလတ်ပြီးခါ
သူရိယာလေ ရောင်ဝါကင်းပျောက်
တမိုးသောက်တေ။

မိုးသောက်မယေတခါ
လင်းပြန်လာ၍
ပေါ်တော်မူဘုရား
ဖူးဇောင်လားခါ
ဖြားရီစပ်တွင် ဝပ်တွားသည့်ဟန်
လိပ်ကမ်ဘာမ တွိရပြီးသော်
ကင်းဆိပ်ကုလားကွ
ရပ်ဒေသကို မှန်းမျှော်ကြည့်လိုက်ပါက
မြို့မနိဂုဏ်း ဆင်ခြီဖုန်း၌
အုန်းတောပြင်လျှင်
ကြည့်မြင်မဆုံးပါတည်း။

ယင်းကလွန်မြောက်
ငွေတောင်ပေါက်က
ပန်းနီကွင်းကိုဖြတ်လျှောက်လားလီပါက
ဘားမိဘားကရား
ဝိဇ္ဇာထိုရ်လေ ထိုယောက်ျားရို့
တရားလျှော်ရာ
ဂူလျှင်အောင်းကေ ကျောင်းတော်ရှာကို
တွိကာလွန်မြောက်
သူရိယာလေ
ရောင်ဝါဝင်းကေ အလင်းပျောက်လို့
ရောက်လတ်မယေတုံခါ
အော်ဒါမှာ ညစာထမင်း
စားပြီးကလျှင်
တရောင်းရောင်းကေ သောင်းသောင်းပျော်ပါး
ဖော်အပေါင်းနှင့် ပွဲကြည့်လားရေ။

ကောင်းကျော်ဖြူ
December 3rd, 2025 (ဗုဒ္ဓူးနိ)

သာလှဦး၏လတ်တလောကဗျာများ (May, June, 2026) (နှင့်) အမှတ်တရကဗျာများ အပိုင်း (၂)
https://www.facebook.com/share/p/1BmVk1uBv6/












No comments:

Post a Comment