နွီရာသီကိုရောက်လာပျာယ်။ အပူသျှိန်က အာကာကို အငွေ့ပျံတက်နီသည်။ မောင်နီတယောက် အိမ်ရှိ သရက်ပင်အောက် ကြိမ်ကုလားထိုင်မှာ ထိုင်နီသည်။ အာကာမှာ တိမ်မဟိ။ အယင်ကနွီရက်တိနှင့်မခြား အလှပလှ။ ကျောင်းပိတ်ချိန်ဖြစ်လို့ ကလေချေတိ စွန်တင်နီကတ်သည်။ စွန်အချင်းချင်းသိမ်းနီကတ်စွာကို မောင်နီမြင်ရရေအခါ သူအချေက ဖြစ်ခရရေဘဝကို အောက်မိမိသည်။
ယင်းအချိန်မှာ အိမ်နောက်ဖေးအုန်းပင်က ဥသြတွန်သံကိုလည်း ကြားနီရသည်။ အေပိုင်နွီရာသီတိ ကန်ကမကန် မောင်နီဘဝမှာ ကျော်ဖြတ်ဖူးသည်။ အခုအချိန်မှာ မောင်နီသည် စွန်တင်ခရေမောင်နီမဟုတ်ပျာယ်။ အဖိုးသျှင်မောင်နီဖြစ်နီပျာယ်။
တချို့သောနွီရက်များကဆိုလျှင် မောင်နီသည် လူငယ်ဘဝကို ပိုင်ဆိုင်ဖူးသည်။ လူငယ်ပီပီ တက်တက်ကြွကြွ။ စိတ်ယင်လက်ယင်ဟိသည်။ အပင်တက်၊ ရီကူး၊ သူငယ်ချင်းတိနှင့် ပျော်ခသည်။ မောင်နီမှာ ကော့နီရေမျက်တောင်၊ ကျော့နီရေဆံပင်၊ ခိုင်ရေသွား ဟိခဖူးသည်။ တခါတရီ သူငယ်ချင်းတိဆုံလို့ သရက်သီးငါးပိဆားရည်စားချင်ကေ ရှိဆုံးက အပင်တက်စွာ မောင်နီ။
ယင်းချင့်တိကို စိုင်းစားကေ မောင်နီသည် အခုအချိန်မှာ ယိုင်တိယိုင်တိုင်လားနီရရေသူ့ဘဝကို သနားမိသည်။ အခုအချိန်မှာ ဖြူနီရေသူ့ဆံပင်၊ မှုန်နီရေသူ့မျက်စိကို ပွတ်ကြည့်နီမိသည်။ တခါတရီ ကိုယ့်စွာကိုတောင် မယုံချင်။ ဟုတ်ပါရေ အေချင့်စွာ မောင်နီမှမောင်နီအစစ်။ အက်ဒီဆန်ကိုအားကျဖူးရေ မောင်နီ၊ ဟိုချီမိန်းကို လေးစားဖူးရေမောင်နီ။ အေပိုင် ဥသြတွန်ရေနွီရက်တိမှာ ခရီးရှည်လားခဖူးသည်။ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးယက်ပင်းလေ။
မြစ်ကမ်းယောင်ဘုတ်စီးယင်းပျံနီကတ်တေ ဆိုက်ဘေးရီးယားငှက်တိကိုကြည့်ပျာယ် လွတ်လပ်မှုကိုခံစားဖူးခသည်။ ငှက်တိပိုင် အာကာမှာအတောင်ပေါက်လို့ ပျံပစ်လိုက်ချင်သည်။ လက်ဟိဘဝနှင့် မရောင့်ရဲနိုင်ခ။ မောင်နီချုပ်ချယ်မှုတိ၊ ဘောင်တိ၊ အကွပ်တိကို ရွံပါလတ်သည်။ ယင်းချင့်စွာ မောင်နီလူပျိုပေါက်စဘဝကလေ။
မောင်နီအသက်နှစ်ဆယ်လောက်မှာ မိသားစုနှင့် ကွဲလားခရသည်။ လုံးချင်းကျန်မှုရသကို ခံစားခရသည်။ အေချင့်ကို ဝေဒနာတခုလို့ သူသတ်မှတ်တေအချိန်ကပင် အရက်နှင့်ဆီးလိပ်ကို စသောက်တတ်လာသည်။ မောင်နီခန္ဓာကိုယ်ထဲကသွီးတိရေ သူ့ကို စကားလုံးမဟိရေ ဘာသာတမျိုးနှင့် မိတ်ဆက်လာသည်။ မောင်နီမှာ ပြောစရာစကားမဟိ။ အရက်နှင့်ဆီးလိပ်ကို ဖိလို့သောက်ကြည့်မိသည်။ သာယာရေသံစိုင်ကြားမှာ လက်ပိုက်ကူးကြည့်မိသည်။ သူရို့ကမဟုတ်၊ မဟုတ်ဟုငြင်းသည်။ ယကေ သူရို့ ပဇာကို အလိုဟိပါရေလဲ။
မောင်နီပြန်မိန်းကေလဲ့မကြားကွန်ဆောင်နီကတ်သည်။ နောက်ဆုံး မောင်နီသဘောပေါက်လာသည်။ သူရို့တိ တောင်းဆိုနီစွာက မောင်နီအတွက် ဘဝအဖော်။ ယင်းပိုင်နှင့် အသက်နှစ်ဆယ့်ငါးမှာ မောင်နီမယားရသည်။ မောင်နီမယားရရေအချိန်မှာလည်း အေပိုင်နွီခါလေ။ အိမ်ရှိက ရွက်ကြွီပင်ကိုကြည့်ယင်း လင်မယားနှစ်ယောက် ရှိဖြစ်နောက်ကြောင်းပြောပျာယ် ပျော်ရသည်။ အိမ်သျှင်မမျက်နှာကိုကြည့်ပျာယ် တေးခြင်းဆိုလို့ ပျော်ခသည်။
ယင်းအချိန်မှာ လွတ်လပ်မှုအရသာကို ပြောင်းပြန်ခံစားလာမိသည်။ အယင်က ဥသြတွန်သံကို ဇာနှင့်လည်းနှိုင်းမရဆိုရေမောင်နီ အခု သူ့မယားအသံက ငှက်မြည်သံထက် သာယာနီပြန်သည်။ မောင်နီအသက်ကြီးပါလတ်ပျာယ်မနားယေ။
သူရို့လင်မယားနှစ်ယောက် ပထမဆုံးသားကိုရရေအခါ ဘဇောင်ပျော်လဲမသိ။ သူ့ကို ဘာဘာလို့စခေါ်ရေအချိန်စွာ နွီရာသီလေ။ ယင်းအချိန်မှာ ရာသီလေးလလုံး ဥသြအသံကို သူနားမစိုက်ခ။ ငှက်ကတော့ အိမ်နောက်ဖေးအုန်းပင်ထက်မှာ မြည်မြဲမြည်လီဖို့ရာ။ မောင်နီ လူပျိုခရီးထွက်ခါက အိမ်ကိုပြန်မလာချင်ခ။ ရက်တိကို သဘောက်ဖျာပိုင် ဖြန့်ထားချင်ခသည်။
အခု သားမယားနှင့်ခွဲနီရကေ အိမ်ပြန်ဖို့ကျည်းတွက်နီမိသည်။ မောင်နီမှာ နောက်ထပ်သားတယောက်၊ သမီးတယောက်ရသည်။ သူရို့တိမကြီးခင် လင်မယားနှစ်ယောက် အယင်ကပိုင် သစ်ရွက်လှုပ်စွာကိုကြည့်လို့ ကဗျာမဆန်နိုင်ပျာယ်။ လယ်ပြင်မှာ စွန်တင်ဖို့လားခရေသားအတွက် စိတ်ပူရ၊ သားနှစ်ယောက်နောင်ရီးအတွက် စိုင်းစားရ၊ ဘဝကာလတခုကို ဖြတ်သန်းရပြန်သည်။
ခရီးထွက်လားခရေသားကြီး အချိန်တန်လို့ အိမ်ပြန်ရောက်မလာကေ မမပီပီစိတ်ပူတတ်တေ အိမ်ကမယားကို ချော့ရသည်။ အဲလေ သူလည်း မောင်နီအချေခါပိုင် အိမ်ပြန်ဖို့ကို ကြိုးအရှည်ကြီးမသန်နှင့် လံထားလီဖို့။ လွတ်လပ်မှုကိုရှာပြီး သွီးကတောင်းဆိုချက်ကို ငြင်းနိုင်လီဖို့မဟုတ်။ ယင်းပိုင် သိတတ်တေအချိန်မှာ မောင်နီအသက် သင့်အောင်ချေကြီးနီပျာယ်။
သူ့ဘဝကို ခွန်အားနှင့်ရုန်းခသည်။ နိုင်ဖို့ကျည်းမျှော်လင့်ခသည်။ အခုအသက် ခုနှစ်ဆယ်ကျောက်ရေအထိ သူ့ဘဝမှာ အောင်မြင်မှုတိ ဟိခရေပိုင်၊ မအောင်စွာတိလည်း တပုံ။ နောက်မှ ဘဝဆိုစွာ အေချင့်ပါကားလို့ နားလည်လာပြီး အဟိကိုအဟိအတိုင်း ပကတိကို ပကတိအတိုင်းမြင်လာသည်။ သားသမီးတိလည်း အတောင်စုံလို့ လီဟုန်စီးပျာယ် ပျံလားခကတ်သည်။
သူရို့လည်း မောင်နီဖြတ်ခရေနွီရက်တိကို အသိုက်အအုံဆောက်ပြီး ပျံသန်းနီကတ်ပျာယ်။ တနိနိတချိန်ချိန်မှာ သူရို့ဘဝကိုသူရို့ စိုင်းစားလာကတ်လိမ့်မည်။ ယင်းအချိန်မှာ သူရို့တိ ပဇာလုပ်ကတ်ဖို့လဲ မောင်နီမသိ။ လုပ်စရာမဟိရေ အေပိုင်ဝါကြီးတလုံးအတွက် နွီတရက်မကုန်နိုင်ပါ။
မှန်သားရောင်အာကာပြင်မှာ မိုးရိပ်တိကင်းစင်လို့ ရင်ထဲမှာတမျိုးကြီး။ အချိန်တန်လို့ အိမ်ပြန်ကတ်တေ ငှက်တိလည်း အာကာထဲမှာတဝဲ၀ဲ။ ကုလားထိုင်ဘေးက ဝါးရင်းတုတ်ကိုကောက်ပြီး ရပ်စောက်ရပ်လိုက်သည်။ အစအဆုံးမဟိရေ သံသရာဘော်လုံးထဲမှာ အဆုံးသတ်တေ တိုက်တလုံးကို မောင်နီဆောက်ရခန့်သိမ့်။
မောင်မောင် (စစ်တွေ)
No comments:
Post a Comment